ကိုဗစ်ကူးစက်သူမျာ

December 20, 2020

ကိုဗစ်ကူးစက်သူများလာ၍ ခရစ္စမတ်ဖြေလျော့မည့်အစီအစဉ် ဗြိတိန် ပယ်ဖျက်မည်

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ မူကွဲသစ်ကြောင့် ကူးစက်ခံဦးရေ များလာတဲ့ အတွက် ခရစ္စမတ်ကာလမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်တွေ ဖြေလျှော့ပေးဖို့ ဗြိတိန်အစိုးရက စီစဉ်ထားတာကို ပယ်ဖျက်ရတော့မယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။  ဗြိတိန်လူဦးရေရဲ့  ၃ ပုံ ၁ ပုံ ရှိရာ မြို့တော်လန်ဒန်နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်းမှာ အဆင့် ၃ ဆင့် စည်းမျဉ်းသတ်မှတ်ရာမှာ အမြင့်ဆုံးအဆင့် ၃ ကို ချမှတ်ထားရာက အဆင့်သစ် တရပ် ထပ်တိုးပြီး အဆင့် ၄ မှာ သတ်မှတ်ထားရပါတယ်။  မဖြစ်မနေ အရေးပါတဲ့အကြောင်းပြချက်အတွက် မဟုတ်ရင် လူတွေ အိမ်မှာပဲ နေရမှာ ဖြစ်ပြီး မရှိမဖြစ် မဟုတ်တဲ့ ဆိုင်တွေ အပန်းဖြေနဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေကို ပိတ်ထားရမှာပါ။  အခန်းပြင်ပ လေဟာပြင်မှာ လူချင်းတွေ့ ခွင့်ကိုလည်း ကန့်သတ်ပိတ်ပင်ထားပါတယ်။ ခရစ္စမတ်အပြီးမှာ အင်္ဂလန်နယ်မှာ တတိယအကြိမ် အသွားအလာ ကန့်သတ်ပိတ်ပင်ချက် ချဖို့ မလိုရေး မျှော်လင့်ထားတယ်လို့ ဂျွန်ဆင်က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပြောပါတယ်။  ပွဲတော်ကာလမှာ ကန့်သတ်ချက်တွေကို ငါးရက်ကြာ ဖြေလျှော့ပေးရေး အစီအစဉ်တွေကို ပြောင်းဖို့ ဆော်သြချက်ကိုလည်း ဂျွန်ဆင်က ကြံ့ကြံ့ခံခဲ့ပါသေးတယ်။ ခရစ္စမတ်ပွဲတော် မကျင်းပရေး တားမြစ် ပိတ်ပင်ရတာ လူမဆန်ဘူးလို့လည်း သူက ပြောခဲ့ပါတယ်။ ကန့်သတ်ချက် အသစ်ဟာ ဒေသစံတော်ချိန် ဒီဇင်ဘာ ၁၉ ရက်နေ့ သန်းခေါင်ကစပြီး အာဏာ သက်ရောက်မှာလည်း ဖြစ်ပါတယ်။ အရင်ထက် ၇၀ ရာခိုင်နှုန်း ပိုကူးစက်မြန်တဲ့ ဗိုင်းရပ်စ်မူကွဲကြောင့် ကူးစက်ခံဦးရေ နေ့ချင်းမှာ သောင်းချီ တိုးလာတဲ့အတွက် စကော့တလန်နယ်နဲ့ ဗြိတိန်တနိုင်ငံလုံးကြား ခရီးသွားလာမှုကို တားမြစ်မယ်လို့ စကော့တစ်ချ်ဝန်ကြီး နီကိုလာ စတာဂျီယွန်က ဒီဇင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  ခရစ္စမတ်ကာလ ရောဂါခြေချုပ် ကန့်သတ်ချက် ဖြေလျှော့တာကိုလည်း ဒီဇင်ဘာ ၂၅ ရက် တရက်တည်းမှာပဲ ဖြေလျှော့ပေးမယ်လို့ သူက ပြောပါတယ်။
4 months Ago
Up