ကိုဗစ်ကူးစက်မှု တိုး

October 26, 2020

သီရိလင်္ကာတွင် ကိုဗစ်ကူးစက်မှု တိုးလာသဖြင့် အသွားအလာကန့်သတ်

သီရိလင်္ကာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးနေတာကို ရပ်တံ့ဖို့ အာဏာပိုင်တွေက အသွားအလာ ပိတ်ဆို့ ကန့်သတ်ထားလို့ အောက်တိုဘာ ၂၅ ရက်က မြို့တော် ကိုလံဘိုက ဆိုင်တွေ ပိတ်ထားရကာ လမ်းတွေ ခြောက်ကပ်နေပါတယ်။ သီရိလင်္ကာမှာ ကူးစက်မှုကို လချီထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ ကျန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ်က စပြီး ကူးစက်ခံဦးရေ ပြန်စတိုးလာခဲ့တာပါ။ လက်ရှိ ကူးစက်မှုဟာ ဒီလအစောပိုင်းက အထည်ချုပ်စက်ရုံမှာ အစုလိုက်ကူးစက်မှုကနေ စတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အောက်တိုဘာ ၂၅ ရက်ထိ အတည်ပြုချက်အရ သီရိလင်္ကာမှာ ကူးစက်ခံ အတည်ပြုလူနာ ၇၅၂၁ ယောက် ရှိပြီး ကူးစက်ခံသေဆုံးသူ ၁၅ ယောက် ရှိပါပြီ။ ညမထွက်ရ အမိန့်အပြင် ကျောင်းတွေနဲ့ အများပြည်သူဆိုင်ရာရုံးတွေကို ပိတ်ထားရပါတယ်။ သီရိလင်္ကာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုနဲ့ ကာကွယ်ရေးဝန်ကြီး မာ့ခ်အဲ့စ်ပါတို့ လာရောက်လည်ပတ်ပြီး ဒေသတွင်း လုံခြုံရေးနဲ့ကုန်သွယ်ရေးကို ဆွေးနွေးဖို့ ရှိနေပါတယ်။ ဒီလ အစောပိုင်းကလည်း စီးပွားရေးဆိုင်ရာဆက်ဆံရေး အားဖြည့်ဖို့ သီရိလင်္ကာနိုင်ငံဆီကို တရုတ်ကိုယ်စားလှယ်တဖွဲ့ လာရောက်ခဲ့ပါတယ်။
2 years Ago
Up