ကိုဗစ်ကူးစက်မှု

July 30, 2021

ရေးမြို့တွင် ကိုဗစ်ကူးစက်မှုနှင့်သေဆုံးနှုန်း ဆက်မြင့်၊ အစားအသောက်နှင့်ဆေးဝါးအကူလိုအပ်

မွန်ပြည်နယ်  ရေးမြို့နယ်မှာ ဇူလိုင် ၂၉ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၄၃ ဦး တွေ့ရှိပြီး တရက်တည်း ၆ ဦးထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရောဂါကူးစက်ခံထားရတဲ့သူတွေမှာ မြို့ပေါ်ရပ်ကွက် အားလုံးနီးပါးနဲ့ ကျေးရွာ ၁၀ ရွာလောက်ကဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးရှိတဲ့ ကျေးရွာတွေမှာ ရောဂါ ပိုမိုကူးစက်နှုန်း များလာတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ကိုဗစ်ကုသရေးစင်တာတွေ ဖွင့်လှစ်ထားပေမယ့် ရောဂါကူးစက်မှုက ဆက်လက် မြင့်တက်နေတာလို့ ဆိုပါတယ်။

ပိုးတွေ့လူနာနဲ့ ထိတွေ့ထားတဲ့ မိသားစုဝင်တွေကို ရောဂါပိုးရှိမရှိ စစ်ဆေးဖော်ထုတ်တာတွေလည်း မရှိတော့သလို အသွားလာကန့်သတ်ထားတာကြောင့် နေအိမ်တွေမှာ ကိုယ့်ဘာသာကိုယ် ကုသနေရတဲ့ လူနာတွေနဲ့ မိသားစုဝင်တွေဟာ  စားသောက်ရေးနဲ့ ဆေးဝါးအကူညီ လိုအပ်နေတယ်လို့  ပိုးတွေ့လူနာရှင် မိသားစု၀င်တဦးက ပြောပါတယ်။

ရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်တာကြောင့် ဆေးရုံမှာ ကုသရေးအပိုင်း ဆရာဝန်နဲ့ သူနာပြုတွေ မနိုင်မနင်းဖြစ်နေကြပြီး စေတနာ့ ၀န်ထမ်းတွေလည်း နေ့ညမပြတ် လေထဲမိုးထဲမှာ အပြင်းထန်ရုန်းကန်နေရကြရတယ်လို့ ပရဟိတသမားတဦးက ပြောပါတယ်။

ရေးမြို့မှာ သံဃာတော်တွေကအစ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပြီး သေဆုံးသူအများစုက ရောဂါခံရှိတဲ့ အသက် ၄၀ ကျော်ကနေ အသက် ၈၀ ကျော်တွေ အများဆုံး ဖြစ်ပြီး ရောဂါပြင်းထန်ပြီး နေအိမ်မှာ သေဆုံးတာတွေ များလာတယ်လို့ ဆိုပါတယ်။

နယ်ကျေးရွာဘက်တွေမှာလည်း လော့ဒေါင်းချထားပေမယ့် ကိုဗစ်-၁၉ ရောဂါ  ထပ်မံကူးစက်နေတာကြောင့် အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေး ပိုမိုခက်ခဲလာနေတယ်လို့ သိရပါတယ်။

ရေးမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ဒီနေ့အထိ ၅၁၅ ဦး၊ ကျန်းမာရေး ပြန်ကောင်းမွန်လာသူ  ၂ဝဝ နဲ့  သေဆုံးသူပေါင်း  ၃၃ ဦးအထိ ရှိနေပြီလို့ သိရပါတယ်။

4 months Ago

January 3, 2021

ကိုဗစ်ကူးစက်မှု မြင့်လာသဖြင့် တိုကျိုမြို့ကို အရေးပေါ်အခြေအနေ ကြေညာပေးရန် တောင်းဆို

ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ တဖန်ခေါင်းထောင်ခဲ့ပြီးနောက် ဇန်နဝါရီ ၂ ရက်က တိုကျိုနဲ့ တခြားစီရင်စု အုပ်ချုပ်ရေးမှူး ၃ ဦးက အရေးပေါ်အခြေအနေကြေညာဖို့ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။  တိုကျိုအုပ်ချုပ်ရေးမှူး ယူရီကို ခိုအီခဲက လူတွေသွားလာမှုကို ချက်ချင်းလျှော့ချဖို့ လိုအပ်တယ်လို့ ထင်မြင်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။  ခိုအီခဲနဲ့ တခြားအုပ်ချုပ်ရေးမှူး ၃ ယောက်ကလည်း အရေးပေါ်အခြေအနေကို ထည့်စဉ်းစားဖို့ စီးပွားရေးဝန်ကြီး နီရှီမူရကို ပူးတွဲမေတ္တာရပ်ခံခဲ့ပါတယ်။  သတင်းစာရှင်းလင်းပွဲမှာ ရှိနေတဲ့ စီးပွားရေးဝန်ကြီး နီရှီမူရကလည်း အစိုးရအနေနဲ့ မေတ္တာရပ်ခံချက်ကို ထည့်စဉ်းစားမှာဖြစ်ပြီး မကြေညာမီ ကျွမ်းကျင်သူတွေရဲ့ မှတ်ချက်စကားကို ကြားသိဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။  ဒီဇင်ဘာလ ၃၁ ရက်က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁,၃၃၇ ယောက်နဲ့ စံချိန်တင်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့စံချိန်တင် ကူးစက်သူပေါင်း ၄,၅၂၀ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
11 months Ago
More News
Up