ကိုဗစ်ကူးစက်ခံရသူ ၂ သန်

November 19, 2020

ရုရှားတွင် ကိုဗစ်ကူးစက်ခံရသူ ၂ သန်းကျော်ရှိလာ၊ ရောဂါကူးစက်မှုထိပ်ဆုံး ၅ နိုင်ငံထဲပါဝင်

ရုရှားနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ သောင်းကျော် တွေ့ရှိခဲ့ရပြီးနောက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပါတယ်။ နိုဝင်ဘာ ၁၈ ရက် တရက်တည်းမှာတင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃,၆၁၀ ယောက်နဲ့ သေဆုံးသူ ၄၆၃ ယောက် ရှိနေခဲ့တာပါ။ တကမ္ဘာလုံးမှာတော့ ရောဂါကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီးနဲ့ ပြင်သစ်နိုင်ငံတွေပြီးရင် ရုရှားနိုင်ငံက ရောဂါကူးစက်ခံရသူစုစုပေါင်း ၂ သန်းကျော်၊ သေဆုံးသူ ၃၄,၈၅၀ ယောက်နဲ့ ပဉ္စမနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ ထိပ်ဆုံးက အမေရိကန်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁ ဒသမ ၈ သန်းကျော်နဲ့  သေဆုံးသူ ၂၅၆,၂၆၂ ယောက် ရှိနေပါတယ်။ ရုရှားနိုင်ငံရဲ့ နောက်မှာတော့ စပိန်၊ ယူကေ၊ အာဂျင်တီးနား၊ အီတလီ၊ ကိုလံဘီယာ၊ မက္ကဆီကိုနိုင်ငံတွေက ရောဂါကူးစက်ခံရသူ ၁ သန်းကျော်စီရှိနေခဲ့ပြီး သန်းချီကူးစက်ခံရတဲ့ ထိပ်တန်းနိုင်ငံတွေ ဖြစ်လာခဲ့ပါတယ်။ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၆,၃၈၁ ယောက်နဲ့  သေဆုံးသူ ၄,၆၃၄ ယောက် ရှိနေပြီး ကမ္ဘာနိုင်ငံတွေထဲ ရောဂါကူးစက်မှုအဆင့် ၆၅ နေရာထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာတဝန်းမှာတော့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅၆ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူစုစုပေါင်း ၃၉ သန်းကျော် ရှိနေပါတယ်။
5 months Ago
Up