မန္တလေးစည်ပင်ဌာနမှာ CDM မလုပ်ဘဲ ရုံးတက်နေတဲ့ ဝန်ထမ်းတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးပေမယ့် ဆေးအာနိသင် ကြောက်လို့ ကာကွယ်ဆေးမထိုးသူ များပြားနေတာကြောင့် အတင်းအကြပ် ဖိအားပေးထိုးခိုင်းနေတယ်လို့ သိရပါတယ်။
ကိုဗစ်ကာကွယ်ဆေးကို မတ်လ ၁၆ ရက်မှ ၁၈ ရက်အထိ ထိုးနှံဖို့ လုပ်ဆောင်ခဲ့ပြီး ဝန်ထမ်းတွေက ဆေးမထိုးချင်တာကြောင့် လက်ရှိ မြို့တော်ဝန်ရာထူးကို ရယူထားတဲ့ ဦးမောင်ကိုက ဌာနမှူးတွေကို အတင်းအကြပ် ဖိအားပေးခိုင်းစေခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့ဒီလို ဖိအားပေးခဲ့တာကြောင့် မတ်လ ၁၉ ရက်နေ့မှာတော့ စည်ပင် ဝန်ထမ်း ထောင်နဲ့ချီပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့ကြပြီး ဆေးမထိုးလိုပါက မထိုးချင်ကြောင်း အကြောင်းပြချက် တင်ပြရမှာ ဖြစ်ကာ အကြောင်းမဲ့ ဖြစ်ပါက ဝန်ထမ်းစည်းမျဉ်းနဲ့ အညီ အရေးယူခံရမယ်လို့လည်း ဆိုပါတယ်။
မြို့တော်ဝန် ဒေါက်တာရဲလွင် လက်ထက် ကိုဗစ်ကာကွယ်ဆေးတွေဟာ အိန္ဒိယ နိုင်ငံထုတ် ဆေးဖြစ်ပြီး အခုထိုးပေးတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကတော့ တရုတ်နိုင်ငံထုတ် ဆေးတွေ ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
မန္တလေးမြို့တော်စည်ပင်မှာ လခစားနဲ့ နေ့စားဝန်ထမ်းပေါင်း ၅၀၀၀ ကျော်ရှိပြီး CDM လုပ်ဆောင်သူတွေ အများအပြားရှိတယ်လို့လည်း သိရပါတယ်။