ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး လုပ်ဆောင်ချက်

November 21, 2020

ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် တရုတ်ကုန်သည်ကြီးများအသင်းချုပ်က သိန်း ၇၀၀၀လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနဲ့ ခရိုင်နဲ့ မြို့နယ်အဆင့် ဆေးရုံတွေ အဆင့်မြှင့်တင်နိုင်ဖို့ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်က ကိုဗစ်ကော်မတီကို ကျပ်သိန်း ၇၀၀၀ လှူဒါန်းခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပြည်သူတွေကိုယ်တိုင် ပါဝင်ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှုရရှိမှာဖြစ်ပြီး အသင်းချုပ်အနေနဲ့တတ်အားသရွေ့ ပါဝင်လှူဒါန်းခဲ့တာလို့ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ် ဥက္ကဋ္ဌ ဦးအိုက်ထွန်းက ပြောပါတယ်။ လှူဒါန်းပွဲအခမ်းအနားမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်နေတဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ လက်တွေ့မြေပြင်မှာ လူနာတွေအား ကိုင်တွယ်ကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရန်ကုန်တိုင်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို အများဆုံးထိခိုက်ခံစားနေရပြီး နိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေနဲ့ ကိုဗစ်ကြောင့် ကြုံတွေ့ရတဲ့ အကြပ်အတည်းတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ ပြည်သူတွေ ဆက်လက်ဝိုင်းဝန်း ကူညီကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း အခုလို လှူဒါန်းတာဟာ များစွာအကျိုးရှိပြီး လူနာတွေရဲ့ အသက်ကို ကယ်တင်ကုသရာမှာ အသုံးပြုနိုင်မယ်လို့ ပြောပါတယ်။ ပြည်သူတွေအနေနဲ့လည်း ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းတွေကို လက်ဆင့်ကမ်းဝေမျှတာနဲ့ လိုက်နာဆောင်ရွက်ကြစေဖို့ အချင်းချင်းတိုက်တွန်းနှိုးဆော်တာတွေ လုပ်ကြဖို့ ဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်တွေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပြီး အစိုးရအဖွဲ့အနေနဲ့ ပံ့ပိုးကူညီဆောင်ရွက်ပေးကြဖို့လည်း ဝန်ကြီးက မေတ္တာရပ်ခံခဲ့ပါတယ်။
2 years Ago

May 31, 2020

ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီကို WavePay မှတဆင့် လှူဒါန်းနိုင်

ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်တွေအတွက် ပြည်သူလူထုအနေနဲ့  ထောက်ပံ့လှူဒါန်းငွေပေးအပ်ရာမှာ WavePay အက်ပလီကေးရှင်းကနေတဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ အမျိုးသားအဆင့် ဗဟိုကော်မတီကို တိုက်ရိုက်လှူဒါန်းနိုင်ပြီ ဖြစ်ပါတယ်။   မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ကုမ္ပဏီတခုဖြစ်တဲ့ Wave Money မှ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ အစီအစဉ်တွေအတွက် ဝန်ဆောင်ခ ကောက်ခံခြင်းမရှိ ဆောင်ရွက်ပေးနေတာပါ။ ပြည်သူတွေအနေနဲ့ WavePay အက်ပလီကေးရှင်းရှိ “အလှူဒါန” ဝန်ဆောင်မှုကဏ္ဍကနေ ရွေးချယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။   WavePay App ရဲ့ “အလှူဒါန” ဝန်ဆောင်မှုအောက်က PCNC Covid Donation ကိုရွေးချယ်ပြီး တိုက်ရိုက်လှူဒါန်းနိုင်ဖို့ ဆောင်ရွက်ပေးထားပြီး အလှူငွေတွေကို Quarantine ဝင်နေတဲ့ လူနာတွေနဲ့ သံသယလူနာတွေကို စောင့်ကြည့်ဖို့၊ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ အသိပညာပေး အစီအစဉ်တွေ  သတင်းဖြန့်ဝေခြင်းတွေနဲ့ ဆေးပစ္စည်းကိရိယာတွေကို တင်သွင်းရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
2 years Ago
Up