ကိုဗစ်ကာကွယ်ဆေး ဈေးနှုန်း

November 11, 2020

ကိုဗစ်ကာကွယ်ဆေး ဈေးနှုန်းကို နိုင်ငံ၊ ဒေသအလိုက် မူတည်သတ်မှတ်ရန် ဘိုင်အိုတက်ခ်ကုမ္ပဏီ ပြင်ဆင်

ဘိုင်အိုအန်တက်ခ် ကုမ္ပဏီဟာ သူ့ရဲ့ ၂ ကြိမ်ထိုးရတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို သမားရိုးကျဈေးကွက်ထဲက ဈေးနှုန်းထက် ပိုနိမ့်တဲ့ဈေးသတ်မှတ်ဖို့နဲ့ ဈေးနှုန်း သတ်မှတ်ချက်ကိုလည်း နိုင်ငံတွေ၊ ဒေသတွေအပေါ် မူတည်သတ်မှတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။ ပီဖိုက်ဇာကုမ္ပဏီနဲ့ ပူးပေါင်းတီထွင်ထားတဲ့ စမ်းသပ်ဆဲ ကိုဗစ်-၁၉ ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်စွမ်းဟာ အနည်းဆုံး အချိန် တနှစ်ခံလိမ့်မယ်လို့ ဘိုင်အိုအန်တက်ခ်ကို တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် အူဂါဆာဟင်က အကောင်းမြင်ပြောဆိုပါတယ်။ ပီဖိုက်ဇာနဲ့ ဘိုင်အိုအန်တက်ခ်တို့ဟာ အောင်မြင်တဲ့ စမ်းသပ်မှု သတင်းအချက်အလက်တွေကိုထုတ်ပြန်နိုင်တဲ့ ပထမဆုံး ဆေးဝါးထုတ်လုပ်သူတွေ ဖြစ်လာပါတယ်။ သူတို့ရဲ့ ကာကွယ်ဆေးဟာ ထိရောက်မှု ၉၀ ရာခိုင်နှုန်းကျော်တာကို ပြနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေးအကြီးစားအောင်ပွဲလည်း ဖြစ်ပါတယ်။ ကာကွယ်ဆေး ဖြန့်ဖြူးချိန်မှာတော့ သယ်ယူပို့ဆောင်ရေး စိန်ခေါ်မှုရှိတာ သိသာနေပါတယ်။ ဒီကာကွယ်ဆေးဟာ ရေခဲမှတ်အောက် ၈၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရေးတဲ့နေရာမှာ ထားသို သယ်ပို့ရမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ကာကွယ်ဆေးအတွက် တောင်းဆိုချက်ကို ပြည့်မီအောင် ဖြည့်ဆည်းဖို့ ကာကွယ်ဆေးအတွက် လိုအပ်တဲ့ အပူချိန်ကို တသမတ်တည်း ထားရှိသိုလှောင် ဖြန့်ဖြူးနိုင်ရေးဟာ အဆင်သင့် မဖြစ်သေးဘူးလို့လည်း ပညာရှင်တွေက ရိုက်တာ သတင်းဌာနကို နိုဝင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။ ကာကွယ်ဆေးအများစုဟာ အပူချိန် ၂ ကနေ ၈ ဒီဂရီ ဆဲလ်စီးယပ်စ်ကြားမှာ ထားရတာ ဖြစ်ပြီး အခု ကိုဗစ်-၁၉ ကာကွယ်ဆေးကတော့ အစွန်းရောက်အေးခဲတဲ့ နေရာမှာထားဖို့ လိုအပ်နေတာပါ။  ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ပူပြင်းတဲ့ရာသီဥတုရှိရာ နိုင်ငံတွေက ကျန်းမာရေးဌာန ၃၀ ကနေ ၄၀ ရာခိုင်နှုန်းဆီမှာ အထိုင်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု တသမတ်တည်း ရှိမနေပါဘူး။ ဒါကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်၊ စွမ်းအင်တောင်းဆိုချက်နဲ့ ကာကွယ်ဆေးက ထွက်လာမယ့် အမှိုက်သရိုက်တွေ အားလုံးကို ထည့်သွင်းစဉ်းစားဖို့ လိုတယ်လို့ ပညာရှင်တဦးက ပြောပါတယ်။
2 years Ago
Up