ကိုဗစ်ကာကွယ်ဆေးရန်ပုံငွေ

April 13, 2021

စစ်အာဏာသိမ်းမှုကြောင့်ဂျပန်ရောက်မြန်မာများက ကိုဗစ်ကာကွယ်ဆေးရန်ပုံငွေများကို ပြောင်းလဲ လှူဒါန်းမည်

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရန်ပုံငွေအတွက် စုပေါင်းလှူဒါန်းဖို့ ရည်ရွယ်ထားတဲ့ အလှူငွေတွေကို စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြောင်းလဲလှူဒါန်းသွားမယ်လို့ သိရပါတယ်။

တိုကျိုအခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း(Union Of Myanmar Citizen Association)ရဲ့ ဧပြီ ၁၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ လက်ခံရ ရှိထားတဲ့ လှူဒါန်းငွေ စုစုပေါင်း ယန်း ၇,၁၆၄,၀၀၀ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီငွေတွေကို အစကတော့ ဖေဖော်ဝါရီ ၇ ရက်မှာ တိုကျိုရှိ မြန်မာသံရုံးကို ပေးအပ်ကာ မြန်မာ နိုင်ငံသို့လွှဲပို့ပေးနိုင်ဖို့ သံရုံးတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းစီစဉ်ထားပြီးဖြစ်ပေမယ့်  စစ်အာဏာသိမ်းမှုကြောင့် ပေးဖို့ မဖြစ်နိုင်တော့တဲ့အတွက်ကြောင့် ပြည်ထောင်စုမြန်မာ နိုင်ငံသားများအသင်း(ဂျပန်)က သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါလှူဒါန်းငွေတွေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)နဲ့ တခြားလိုအပ်တဲ့ နေရာတွေအတွက် ပေးလှူသွားဖို့ တိုက်တွန်းတဲ့ အလှူရှင်တွေ ဆက်သွယ်ပြောကြားတာတွေ ရှိတဲ့အတွက် ပြောင်းလဲလှူဒါန်းဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အလှူရှင်တွေထဲမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ဖို့အတွက်ဆိုတဲ့ စိတ်နဲ့ လှူဒါန်းခဲ့သူတွေလည်းရှိမယ်လို့ မှတ်ယူတဲ့အတွက် အလှူငွေကို ပြန်လည်အလိုရှိတဲ့ အလှူရှင်တွေရဲ့ လှူငွေတွေကို ပြန်လည်ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အလိုရှိတဲ့ အလှူရှင်တွေအနေနဲ့ လာမယ့် ဧပြီ ၁၅ ရက်ကနေ ၃၀ ရက် အတွင်း ပြန်လည်ပေးအပ်နိုင်ဖို့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်းမှ တာဝန်ခံတွေနဲ့ ဆက်သွယ်ဆက်လက်‌ဆောင်ရွက်နိုင်ကြောင်းလည်း အသိပေးထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲတွေ၊ လူမဲ့သပိတ်၊ လမ်းမပေါ်က ကားဟွန်းတီးသပိတ်စတဲ့ နည်းလမ်းအ မျိုးမျိုး အသုံးပြုကာ အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

6 months Ago

January 19, 2021

ကိုဗစ်ဆေးရန်ပုံငွေ ထည့်ဝင်လှူဒါန်းကြရန် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် နှိုးဆော်

အစိုးရရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဝယ်ယူရရှိရေးရန်ပုံငွေမှာ ထည့်ဝင်လှူဒါန်းကြဖို့ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်(စီဘီစီအမ်) က တိုက် တွန်းနှိုးဆော်လိုက်ပါတယ်။ ဘာသာဝင်တွေဆီ ဇန်နဝါရီ ၁၇ ရက် ရက်စွဲနဲ့ နှစ်ဦးနှစ်သိမ့်အားပေးမှုနဲ့ တိုက်တွန်းနှိုးဆော်စာထဲမှာတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး တွေ့ရှိတာဟာ ကပ်ရောဂါဘေးက လွတ်မြောက်နိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်ဖြစ်ပြီး အဖွဲ့ချုပ်အနေနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ဆေးဝယ်ယူ ထိုးနှံရေးအစီအစဉ်မှာ စုပေါင်းလှူဒါန်းသွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့်မို့ ကက်သလစ်ဘာသာဝင်တွေအနေနဲ့ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်ရဲ့ ဘဏ္ဍာထိန်း Fr. Louis ရဲမြင့်၊ ဖုန်း-၀၉ ၄၅ ၉၀ ၉၀ ၂၄၃၊ ဘဏ်အကောင့်နံပါတ် 000944184504949 ဆီ ဆက်သွယ်လှူဒါန်းနိုင်သလို သက်ဆိုင်ရာ သာသနာအသီးသီးက ကက်သလစ် ဆရာတော်ကြီးတွေကတဆင့်လည်း တတ်စွမ်းသမျှ စုပေါင်းလှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ဝယ်ယူနိုင်ဖို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်က ဖွဲ့စည်းထားခဲ့ပြီး ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအဖြစ်   နိုင်ငံတော်က မတည်ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ နဲ့  ကျပ်သန်း ၁၀၀၀  စတင် ထည့်ဝင်ထူထောင်ခဲ့တာပါ။ အဆိုပါ ဆပ်ကော်မတီကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်မှာ ဘဏ်အကောင့် ၂ ခု ဖွင့်လှစ်ထားတာပါ။ ရန်ပုံငွေအတွက် နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012 မှာ နိုင်ငံတော်က မတည်ရန်ပုံငွေ အဖြစ် ကျပ် ၃၃၈ ဘီလီယံလောက်နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ သန်း ၂၅၀ စတင် ထည့်သွင်း ပေးထားမှာဖြစ်သလို မြန်မာငွေစာရင်းအမှတ် OA 013733 မှာလည်း နိုင်ငံတော်က မြန်မာကျပ်ငွေ သန်း ၁၀၀၀ ကို စတင်ထည့်သွင်းထားပါတယ်။ ကာကွယ်ဆေးဝယ်ယူဖို့အတွက် ပြည်တွင်း ပြည်ပကနေ ပါဝင်လှူဒါန်းလိုကြတဲ့ ပြည်သူတွေ အနေနဲ့ အထက်ပါဘဏ်စာရင်းတွေမှာ ထည့်ဝင်လှူဒါန်းနိုင်တယ်လို့လည်း အသိပေးကြေညာ ထားပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်တွင်း ထိပ်သီးလုပ်ငန်းရှင်တချို့က ပါဝင်လှူဒါန်းမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က ကာကွယ်ဆေး ရန်ပုံငွေအတွက် ငွေကျပ် ၂ ဘီလီယံ၊ ဧဒင်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်ကအမေရိကန်ဒေါ်လာ ၁ သန်းခွဲ၊ Capital Diamond Star Group လုပ်ငန်းက  အမေရိကန်ဒေါ်လာ ၁ သန်းလှူဒါန်းထားပါတယ်။ အဲဒီနောက် တပ်မတော်ကလည်း ဇန်နဝါရီ ၇ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ထည့်ဝင်လှူဒါန်းထားပါတယ်။ သိပ်မကြာခင် ရက်ပိုင်းကလည်း ကမ္ဘောဇဘဏ်က ကျပ်သန်း ၃၀၀၀ ထည့်ဝင်လှူဒါန်းထားခဲ့တာကို တွေ့ရပါတယ်။
9 months Ago
Up