ကိုဗစ်ကာကွယ်ဆေးထိုးရန်

August 6, 2021

ထိုင်းရောက် နိုင်ငံခြားသား ၃၅,၀၀၀ ကျော် ကိုဗစ်ကာကွယ်ဆေးထိုးရန် စာရင်းပေး

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားဦးရေ ၃၅,၀၀၀ ကျော်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဖို့ စာရင်းပေးထားကြပြီးဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထနီးဆန်းဂရတ်က ထိုင်းနိုင်ငံတဝန်း နိုင်ငံခြားသား ၃၅,၄၅၅ ယောက်ဟာ expatvac.consular.go.th ဝက်ဘ်ဆိုက်ကတဆင့် ကာကွယ်ဆေးထိုးနှံဖို့ စာရင်းပေးခဲ့ကြပြီးဖြစ်ကာ သူတို့ထဲမှာ အသက် ၆၀ အထက် ၇,၇၉၃ ယောက်၊ အခြေခံ ကျန်းမာရေးအခြေအနေ မကောင်းသူ ၂,၅၀၀ နဲ့ ကိုယ်ဝန်ဆောင် ၁၄၃ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး အွန်လိုင်းကတဆင့် စာရင်းပေးနိုင်မယ့် ဝက်ဘ် ဆိုက်ဒ်ကိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်က စတင်လွှင့်တင်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံတဝန်း နေထိုင်ကြတဲ့ ကာကွယ်ဆေး မထိုးရသေးတဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

မစ္စတာ ထနီးကတော့ အသက် ၆၀ နှစ်နဲ့အထက်ရှိသူတွေ၊ ကိုယ်ဝန် ၁၂ ပတ်နဲ့ အ ထက် လွယ်ထားရသူတွေနဲ့ အခြေခံကျန်းမာရေးပြသနာ ၇ ခုထဲက တစ်ခုခုရှိသူတွေက ပထမဦးစားပေး ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံခွင့်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

ခုလတ်တလော ဝက်ဘ်ဆိုက်ကတဆင့် မှတ်ပုံတင်ထားသူတွေထဲက ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရမယ့် နေ့ရက်၊ နေရာတွေကိုတော့ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ အကြောင်းကြား ပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရပ်ခြားမှာ ပညာဆက်လက်သင်ကြားဖို့ ပြင်ဆင်နေကြတဲ့ ထိုင်း ကျောင်းသား၊ကျောင်းသူတွေကိုလည်း မြို့တော်ဘန်ကောက်နဲ့ ခရိုင်တွေကတဆင့် ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ စာရင်းပေးရမယ့် ဝက်ဆိုက်ဒ်စာမျက်နှာတွေ ဖွင့်လှစ်ထားရှိပေးထားတယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးထိုးနှံလိုတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ တက်ရောက်မယ့် ကျောင်း အထောက်အထား၊ ကျောင်းသားဗီဇာ၊ လိုအပ်တဲ့ အထောက်အထားစာရွက်စာတမ်းတွေ တင်ပြရ မယ်လို့ ဆိုပါတယ်။

4 months Ago

August 3, 2021

တောင်တွင်းကြီး၌ ဒေသခံပြည်သူများ ကိုဗစ်ကာကွယ်ဆေးထိုးရန် စိတ်ဝင်စားမှုနည်းပါး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်မှာ စစ်ကောင်စီက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေပေမဲ့ ဒေသခံပြည်သူတွေကတော့ ဆေးထိုးခံဖို့  စိတ်ဝင်စားမှုနည်းပါး နေတယ်လို့ သိရပါတယ်။

''ရပ်ကွက်တွေထဲကို ဆေးထိုးမယ့်သူစာရင်း လိုက်ကောက်တယ်။ သူတို့ကိုကော ဆေးကိုကော မယုံလို့ မထိုးတော့ဘူးလို့ပြောလိုက်တယ်။ ဘယ်နိုင်ငံဆေးမှန်းလည်းမသိ။ အာမခံချက်လည်းမရှိတဲ့ဆေးတော့ ထိုးမနေတော့ဘူးလေ။ နားမလည်တဲ့ ပြည်သူတွေကတော့ ထိုးကြမှာပေါ့ '' လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကလည်း ''ရွာမှာတော့ အသက် ၆၅ နှစ်ကျော်တဲ့သူတွေကို ဦးစားပေးပြီး ထိုးပေးမယ်လို့ စာဝင်ထားလို့။ ရွာထဲတော့ ကြေညာထားတယ်။ ပြည်သူက စိတ်ဝင်စားမှုနည်းပါတယ်။ ရွာအတွက်မို့လို့သာလုပ်နေရတယ်။ စစ်ကောင်စီလက်အောက်မှာ မလုပ်ချင်တော့ဘူး။ ညွှန်ကြားချက်တွေက တော်ကြာတမျိုး တော်ကြာတစ်မျိုး။ အားတိုင်း ညွှန်ကြားချက်ထိုင်ထုတ်နေသလားမသိဘူး '' လို့ ပြောပါတယ်။

စစ်တပ်မိသားစုအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့မိသားစုဝင်တွေတော့ မဖြစ်မနေထိုးကြရတယ်လို့ သိရပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေတဲ့ သာသနာ့ဗိမာန်မှာလည်း ဆေးလာရောက်ထိုးနှံတဲ့ လူစုလူဝေးကို ကိုဗစ်စည်းကမ်းနဲ့အညီ သေချာစွာထိန်းချုပ်နိုင်ခြင်းမရှိကြောင်း ဆေးထိုးခဲ့သူတစ်ဦးက ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ ဇွန်လ ၂၂ ရက်မှ သြဂုတ်လ ၂ ရက် မနေ့ညနေအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၇၅၀ ကျော်နဲ့ သေဆုံးသူ ၅၀ ကျော်ရှိကြောင်း သိရပါတယ်။

4 months Ago
Up