ကိုဗစ်ကာကွယ်ဆေးထိုးနှံ

January 14, 2021

ကယ်လီဖိုးနီးယား ဒစ္စနေလန်း ကားပါကင်နေရာ ကိုဗစ်ကာကွယ်ဆေးထိုးနှံနေရာအဖြစ်ပြောင်း 

ကယ်လီဖိုးနီးယား ဒစ္စနေလန်းရှိ ယာဉ်ရပ်နားရာနေရာ ကားပါကင်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး အစုလိုက် ထိုးနှံတဲ့ နေရာအဖြစ် ဇန်နဝါရီ  ၁၃ ရက်မှာ ပြောင်းလဲအသုံးပြုလိုက်ပါတယ်။ ဇန်နဝါရီ ၁၄ ရက်ဟာ  ဒစ္စနေလန်းအပန်းခြေစခန်းကို ပိတ်ထားတာ ၁၀ လပြည့်တဲ့ ရက် ဖြစ်တယ်လို့ အန်နာဟိမ်း မြို့တော်ဝန်က ဆိုပါတယ်။ မရှိမဖြစ်လုပ်သားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက်၇၅ နှစ်နဲ့ အထက်လူကြီးတွေ အပါအဝင် ကာကွယ်ဆေးထိုးနှံရေးရဲ့ ပမထအသုတ်မှာပါဝင်တဲ့ လူတွေက ဇန်နဝါရီ ၁၃ ရက် အစောပိုင်းကတည်းက ကာကွယ်ဆေး ထိုးနှံခံဖို့ တန်းစီခဲ့ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီ ၁၃ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  တာဝန်ရှိသူတွေက  ဒစ္စနေလန်းကာကွယ်ဆေး ထိုးနှံရေးနေရာနဲ့ ကြိုစီစဉ်ထားတဲ့ နေရာ ၅ ခု အတွက် ကာကွယ်ဆေး မလောက်ငမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။ "အမေရိကန်နဲ့ ကမ္ဘာရဲ့ နည်းပညာမြို့တော်ဖြစ်တဲ့ ကယ်လီဖိုးနီးယားဟာ ကာကွယ်ဆေး အချိန်မီ ထိုးနှံရာမှာ တခြားပြည်နယ်တွေထက် နောက်ကျနေတယ်"လို့  Orange County  ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ "ကာကွယ်ဆေး သယ်ပို့တဲ့ အခြေအနေပေါ် မူတည်ပြီး အကန့်အသတ်နဲ့သာ ရရှိတာမို့ ပြည်နယ်တစ်ခုလုံးကို ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ မဖြစ်နိုင်ဘူး"လို့လည်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ အန်ဒရူး ဒူက ပြောပါတယ်။
3 months Ago

November 22, 2020

ဘာလင်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့်နေရာ ခြောက်နေရာ သတ်မှတ်

ဂျာမနီနိုင်ငံရဲ့ မြို့တော်ဘာလင်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအသစ် ကြီးကြပ် ထိုးနှံမယ့် ဌာနတွေအဖြစ် သုံးမယ့်နေရာ ခြောက်နေရာကို သတ်မှတ်ပြီးပြီလို့ အရပ်ဘက် ကာကွယ်ရေးဌာန အရာရှိ တယောက်က နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။  အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနဲ့ လွယ်လွယ် ရောက်နိုင်တဲ့ နေရာတွေမှာ ကာကွယ်ဆေးထိုးတဲ့ဌာနတွေကို ထားမယ်လို့ သူက ပြောပါတယ်။ လုပ်အားပေးမယ့် စေတနာ့ဝန်ထမ်းတွေကိုလည်း ခေါ်ယူနေပါတယ်။  စေတနာ့ ဝန်ထမ်းတချို့မှာ ဆေးပညာ နောက်ခံရှိဖို့ လိုအပ်မှာ ဖြစ်ပေမယ့် အဆင့်မြင့် သမားတော်ချုပ်လို ရာထူးရှင်တွေ မလိုအပ်ဘူးလို့လည်း သူက ပြောပါတယ်။  ဘာလင် ကုန်သွယ်ရေး ပြပွဲခန်းမ၊ တမ်ပယ်ဟော့ဖ် နဲ့ တေဂဲလ် လေဆိပ်တွေ အပါအဝင် ကာကွယ်ဆေး ထိုးနှံရေးဌာနတွေကို ဒီဇင်ဘာလလယ်မှာ အပြီးတည်ဆောက်မယ်လို့ ကာကွယ်ဆေးဌာနဆိုင်ရာ ပြည်ထောင်စုအေဂျင်စီ (THW) ရဲ့ စီမံကိန်း မန်နေဂျာက ပြောပါတယ်။  “ဘာလင်တလွှားမှာ ၂ မိနစ်တိုင်း လူတယောက်ကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ ပန်းတိုင် သတ်မှတ်ထားတယ်။ ဘာလင် ထရပ်တော ကာကွယ်ဆေးထိုးဌာန တခုတည်းမှာတင် အချိန်တိုင်းမှာ တာဝန်ကျ ဝန်ထမ်း အယောက် ၂၅၀ လိုလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။    အောက်တိုဘာမှာ အစိုးရအဖွဲ့က အတည်ပြုထားတဲ့ အမျိုးသားကာကွယ်ဆေး ဗျူဟာအရ ရွေ့လျား ဆေးကုသရေးအဖွဲ့တွေ အားဖြည့်ထားတဲ့ ကာကွယ်ဆေးထိုးဌာနတွေ အသင့် ပြင်ဆင် သတ်မှတ်ထားဖို့ ဂျာမနီအစိုးရဟာ ပြည်နယ်တွေကို ညွှန်ကြားထားပြီးပါပြီ။
5 months Ago
Up