ထိုင်းနိုင်ငံကို တရုတ်ထုတ် Sinovac ကိုဗစ်ကာကွယ်ဆေး ၂ သိန်း ပထမအသုတ် အနေနဲ့ ရောက်ရှိလာပြီလို့ နေးရှင်းသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။
ဒီကာကွယ်ဆေးတွေကိုတော့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာနဲ့ ပြည်သူ့ ကျန်းမာရေးဝန်ကြီး အနုတင်ချန်ဗီရာကူလ်တို့က သုဝဏ္ဏဘူမိလေဆိပ်မှာ လက်ခံရယူခဲ့ ကြတာပါ။
ဒီဆေးတွေကိုတော့ ဘေဂျင်းကနေ ဒေသစံတော်ချိန် မနက် ၅.၅၀ နာရီမှာ တီဂျီ-၆၇၅ ကုန်တင်လေယာဉ်နဲ့ စတင်သယ်ဆောင်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေ ဆိပ်ဆီ ဒေသစံတော်ချိန် ၁၀.၀၅ မိနစ်မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေး ၂ သိန်းကို ထိုင်းဆေးသိပ္ပံဌာန ကာကွယ်ဆေးသို လှောင်ရုံမှာ ထားရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကာကွယ်ဆေးကို လာမယ့် ၃ ရက်အတွင်း ဘမ်ရက်စ်နာရာဒူရာ ကူးစက်ရောဂါ ဆိုင်ရာ အင်စတီကျုဆီ ပထမဆုံးခွဲဝေပေးသွားမှာဖြစ်ပြီး ဝန်ကြီး အနုတင်ကို ပထမဆုံး ကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
တရုတ်သံရုံးတာဝန်ခံ ယန်ရှင်းရဲ့ ပြောကြားချက်အရ ထိုင်းနိုင်ငံက ဒီကာကွယ် ဆေးတွေကို စီးပွားဖြစ်အသုံးပြုဖို့ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၅,၆၉၂ ယောက်နဲ့ ရောဂါကူးစက်ခံရပြီး သေဆုံးသူပေါင်း ၈၃ ယောက် ရှိနေတာ ဖြစ်ပါတယ်။
PHOTO CREDIT- THE NATION
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရက ကြိုးပမ်းရယူပေးထားတဲ့ ကိုဗစ်-၁၉ ကွယ်ဆေးတွေကိုတော့ ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြည်သူတွေကို စတင်ထိုး ပေးနေပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ရန်ကုန်မြို့ရှိ မြို့နယ်ငါးမြို့နယ်က အသက် ၆၅ နှစ်အထက် ရှိသူတွေကို ဦးစားပေးထိုးပေးခဲ့တာပါ။
ကိုဗစ်ရှီးလို့ အမည်ပေးထားတဲ့ ဒီကာကွယ်ဆေးတွေကိုတော့ လက်ရှိမှာ အာဏာအသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ အိန္ဒိယနိုင်ငံကနေ ကာကွယ်ဆေး ၁ သန်းခွဲ ရရှိထားတာပါ။
ကာကွယ်ဆေးထိုးခံခဲ့တဲ့ ပြည်သူတွေကတော့ ကာကွယ်ဆေးကို ရယူပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပြီး ဖမ်းဆီးခံထားရမှုကနေ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တတိယမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခွင့်ရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ဒီကာကွယ်ဆေးတွေဟာ ဇန်နဝါရီ ၂၂ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပြီး လူ ၇ သိန်းခွဲကို ထိုးပေးမှာပါ။
သတင်းဓာတ်ပုံ - ပြည့်ဘုန်းအောင်