အမေရိကန် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့က ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ကူညီရေး အစီအစဉ်အတွက် အမေရိကန် ဒေါ်လာ ၈၉၂ ဘီလီယံသုံးဖို့ ဒီဇင်ဘာ ၂၁ ရက်မှာ အတည်ပြုပေးလိုက်ပါတယ်။
အမေရိကန်အစိုးရမှာ နောက်တနှစ်အတွက် ရန်ပုံငွေ ဆက်ရှိစေရေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံ သုံးခွင့်ပေးဖို့ကိုလည်း အောက်လွှတ်တော်က မဲပေး ဆုံးဖြတ်ခဲ့ပါတယ်။
ကပ်ဘေးသက်သာရေး ဥပဒေမူကြမ်းဟာ သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးပြီးခဲ့ရင် ဥပဒေ ဖြစ်လာမှာပါ။ ဒီဥပဒေအရ ပြည်သူအများစုက ကပ်ဘေးသက်သာရေး အမေရိကန်ဒေါ်လာ ၆၀၀ စီကို ရမှာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးအတွင်း အလုပ်အကိုင် ဆုံးရှုံးခဲ့ကြတဲ့ သန်းချီတဲ့ ပြည်သူတွေကို နောက်ထပ် ငွေကြေးထောက်ပံ့ပေးဦးမယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီဥပဒေမူကြမ်းကို သမ္မတထရမ့်က လက်မှတ်ထိုးမယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။
လာမယ့် စက်တင်ဘာထိ ကာလတလျှောက် ပြည်ထောင်စုအစီအစဉ်တွေရဲ့ အခင်းအကျင်း အတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံ သုံးမယ့် ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းထဲမှာ စာမျက်နှာ ၅,၅၉၃ မျက်နှာ ပါရှိပါတယ်။
ဒါဟာ ဇန်နဝါရီ ၃ ရက်မှာ သက်တမ်းကုန်မယ့် အောက်လွှတ်တော်ရဲ့ ၁၁၆ ကြိမ်မြောက် အစည်းအဝေးအတွက် နောက်ဆုံးအကြီးစား ဥပဒေပြုမှုလည်း ဖြစ်ပါတယ်။
အမေရိကန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကို နေ့စဉ် ပျမ်းမျှ လူပေါင်း ၂၁၄,၀၀၀ လောက် ကူးစက်ခံနေရကာ နိုင်ငံသား ၃၁၇,၀၀၀ ကျော် သေဆုံးခဲ့ပြီး စီးပွားရေး နာလန်ထမှုလည်း နှေးကွေးနေပါတယ်။
2 months Ago