ကိုဗစ်ကပ်ဘေး

January 9, 2021

ကိုဗစ်ကပ်ဘေးကာကွယ်ရန် လန်ဒန်မြို့တော်ဝန် အရေးပေါ်အခြေအနေ ကြေညာ

လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းဟာ ဇန်နဝါရီလ ၈ ရက်က အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။  မြို့တော်ဝန် ခန်းက လူတွေ အိမ်မှာ မနေကြရင် ဆေးရုံတွေ ဝန်ပိလာနိုင်တယ်လို့ ခန်းက ပြောပါတယ်။ "ဒီနေ့ အရေးပေါ်အခြေအနေ ကြေညာရတဲ့ အကြောင်းရင်းက ဗိုင်းရပ်စ်ဟာ ထိန်းချုပ်မရတော့ဘူး။ လန်ဒန်က ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေ ဝန်ပိမယ့် အန္တရာယ် ရှိနေတယ်။" လန်ဒန်မှာ ကိုဗစ်-၁၉ ကူးစက်တဲ့ အရေအတွက်က အခုဆိုရင် လူ ၁ သိန်းမှာ ၁ ထောင်ကျော်နေပါပြီ။  ဒီဇင်ဘာ ၃၀ နဲ့ ဇန်နဝါရီ ၆ ရက်အကြား စုစုပေါင်းဆေးရုံတက်လူနာက ၂၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့  ၃ ရက်မှာ ပိုးတွေ့လူနာ ၄၇၇ ယောက် သေဆုံးခဲ့ပါတယ်။ ဆေးရုံတက်လူနာ အရေအတွက်ဟာ ကပ်ရောဂါ အမြင့်ဆုံးကာလ ဧပြီလထက် ၃၅ ရာခိုင်နှုန်းကျော် မြင့်မားပြီး ဆေးရုံတက်လူနာ ပိုများလာမှာကို စိုးရိမ်မှုတွေ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
10 months Ago

December 7, 2020

ကိုဗစ်ကပ်ဘေး အမေရိကန်သမိုင်းတလျှောက် အဆိုးဆုံး ရင်ဆိုင်နေရဟု အိမ်ဖြူတော် ပြော

အမေရိကန်နိုင်ငံတလွှား ကိုရိုနာဗိုင်းရပ်စ် တဟုန်ထိုးကူးစက်လာနေတာကြောင့် နိုင်ငံဟာ သမိုင်းမှာ အဆိုးဆုံးဖြစ်ရပ်ကို ရင်ဆိုင်နေရတယ်လို့ အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါက်တာ ဒေဘိုရာ ဘာ့က်စ်က ဒီဇင်ဘာ ၆ ရက်မှာ ပြောလိုက်ပါတယ်။  NBC သတင်းဌာနရဲ့ "Meet the Press" အစီအစဉ်မှာ ခုလို ပြောလိုက်တာပါ။ အမေရိကန်ဟာ ပြည်သူ့ကျန်းမာရေးဖြစ်စဉ်မှာတင် အဆိုးဆုံးအခြေအနေကို ရင်ဆိုင်နေရ တာ မဟုတ်ဘဲ အခြေအနေအရပ်ရပ်မှာ အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ရတော့မှာလို့ သူက ဆက်ပြောပါတယ်။  ဒေသန္တရအရာရှိတွေနဲ့ လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေက ပါးစပ်နှာခေါင်းစည်းတွေ သုံးဖို့ မလိုဘူး၊ လူထု ကိုယ်ခံအားကို ထောက်ခံတယ်လို့ တတွတ်တွတ် ပြောနေတဲ့ ကြေညာချက်တွေကို ကြားရတာ စိတ်ကုန်လှပြီလို့လည်း သူက ပြောပါတယ်။ ပါးစပ်နှာခေါင်းစည်းတွေကို သုံးဖို့နဲ့ လူချင်းခွာနေဖို့ စည်းမျဉ်းတွေရဲ့ အရေးပါပုံကို အသားပေး ပြောဆိုခဲ့ပါတယ်။ “လာမယ့် ကာကွယ်ဆေးတွေဟာ အရေးပါပေမဲ့ လက်ရှိ ကူးစက်နှုန်း တိုးနေတာကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး၊ လက်ရှိ ကူးစက်နှုန်း တိုးနေတာကနေ ကိုယ့်ကိုယ်ကိုယ်သာ ကယ်တင်နိုင်မယ်။”  အမေရိကန်မှာ လောလောဆယ် ကူးစက်ခံ သေဆုံးသူ ဦးရေ ၂ သိန်း ၈ သောင်း ကျော်နေပြီး ကာကွယ်ဆေး စတင် ထိုးနှံနိုင်မယ့် ဧပြီ ၁ ရက် ရောက်ပါက သေဆုံးပြီးသူ ဦးရေ ၅၃၉၀၀၀ နီးပါးထိ ရှိနိုင်မယ်လို့ ဝါရှင်တန်တက္ကသိုလ် ကျန်းမာရေးကိန်းဂဏန်းနဲ့ တန်ဖိုးဖြတ်ရေး ဌာနက ခန့်မှန်းထားပါတယ်။
11 months Ago
Up