ကိုဗစ်ကပ်ဘေ

May 4, 2020

ကိုဗစ်ကပ်ဘေးကြောင့် ကန်နိုင်ငံသား ၁ သိန်းထိ အသက်ဆုံးရှုံးရနိုင်ဟု သမ္မတထရမ့်ပြော

လတ်တလော ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံသား ၁ သိန်းလောက်ထိ အသက်ဆုံးရှုံးရနိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ နာမည်ကြီး သတင်းဌာနတခုဖြစ်တဲ့ Fox News က မေလ ၄ ရက်နေ့မှာ ထုတ်လွှင့်တဲ့အချိန် ၂ နာရီကြာ အမေးအဖြေအစီအစဉ်မှာ ထရမ့်က ခုလိုပြောလိုက်တာပါ။ လတ်တလောအချိန်ထိ အမေရိကန်နိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၁ ဒဿမ ၁ သန်းကျော်သွားခဲ့ပြီဖြစ်ကာ သေဆုံးသူ ၆ သောင်း ၈ ထောင်ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ သမ္မတ ထရမ့်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းမှာ သေဆုံးမယ့်သူဦးရေကို ၆ သောင်းကနေ ၇ သောင်းကြား ရှိနိုင်မယ်လို့ ခန့်မှန်းထားတာပါ။ လတ်တလောအခြေအနေနဲ့ပတ်သက်ပြီး သူက “ကျနော်တို့အနေနဲ့ (ဒီဗိုင်းရပ်စ်ကြောင့်) ပြည်သူ ၇ သောင်းခွဲ ၈ သောင်းလောက်ကနေ ၁ သိန်းလောက်ထိ အသက်ဆုံးရှုံးနိုင်ရဖို့ ရှိနေပါတယ်။ ဒါဟာ တကယ့်ကို ဆိုးဝါးတဲ့ အခြေအနေပါပဲ” လို့ ပြောပါတယ်။ လက်ရှိမှာတော့ အမေရိကန်နိုင်ငံဟာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရမှု အဆိုးဝါးဆုံး နိုင်ငံစာရင်းမှာ ပါဝင်နေပြီး နိုင်ငံတဝှမ်း ကျောင်းတွေ၊ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေ၊ စီးပွားရေးလုပ်ငန်းတွေအပါအဝင် နေရာအတော်များများကို လူစုလူဝေးနဲ့ သွားလာမှုတွေ အပါအဝင် အားလုံးကို ကန့်သတ်ထိန်းချုပ်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့လည်း အခုနှစ်ကုန်ပိုင်းလောက်မှာ COVID-19 ဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးတမျိုးကို ပိုင်ဆိုင်နေလောက်ပြီလို့ ယုံကြည်နေကြောင်းလည်း ထရမ့် က ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီဗိုင်းရပ်စ်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံတွေက အပူတပြင်းသုတေသန လုပ်ငန်းတွေ အပြိုင်အဆိုင်လုပ်နေကြပြီး ဖြေရှင်းနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာတော့ လတ်တလောအချိန်ထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေ ၃ သန်းခွဲကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၂ သိန်းခွဲနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up