ကိုဗစ်ကန့်သတ်ချက်သစ်

September 20, 2020

ဥရောပတိုက် မြို့ကြီးအချို့တွင် ကိုဗစ်ကန့်သတ်ချက်သစ်များ ပြဋ္ဌာန်း

ဥရောပတိုက်တလွှား မြောက်ပိုင်း ဒိန်းမတ်နိုင်ငံကနေ တောင်ပိုင်းဂရိနိုင်ငံထိ ကန့်သတ်ချက် အသစ်တွေ စက်တင်ဘာ ၁၈ ရက်က စပြီးပြဋ္ဌာန်းလိုက်ပါတယ်။  ဥရောပရဲ့ အကြီးဆုံး မြို့ကြီးတချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးနေတာကို ထိန်းချုပ်ဖို့ ကြိုးစားတာဖြစ်ပြီး ဗြိတိန်ကတော့ ပြည်လုံးကျွတ် အသွားအလာ ပိတ်ပင်လော့ဒေါင်းချမှု အသစ် အတွက် စဉ်းစားနေရပါပြီ။ ဗြိတိန်မှာ ဒီသီတင်းပတ်အတွင်း တရက်ကို လူ ၆၀၀၀ လောက်ထိ အသစ်ကူးစက် ခံနေရပြီး မြောက်အင်္ဂလန်နဲ့ လန်ဒန်ရဲ့အစိတ်အပိုင်းတွေ တလွှားမှာ ဆေးရုံတင်ရတဲ့ လူနာ အရေအတွက်နှုန်းနဲ့ ကူးစက်နှုန်းပါ တက်လာနေတာပါ။  “ဒုတိယအကြိမ် ပြည်လုံးကျွတ် အသွားအလာ ပိတ်ပင် လော့ဒေါင်းချဖို့ ဖြစ်နိုင်ခြေအတွက် စဉ်းစားနေရပြီး အစိုးရဟာ ဗိုင်းရပ်စ်ကို ကိုင်တွယ်နိုင်ဖို့ တတ်နိုင်သမျှ အကုန်လုပ်သွားမယ်။ လော့ဒေါင်းချတာကို နောက်ဆုံးအချိန်မှသာ သုံးသင့်တယ်” လို့ ကျန်းမာရေးဝန်ကြီး မတ်ထ် ဟန်းကော့ခ်က ပြောပါတယ်။  ဗြိတိန်အစိုးရဟာ အနောက်မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အနောက်ဘက် ယော့ခ်ရှိုင်းယား နယ်တွေမှာ ကိုဗစ်ဆိုင်ရာ စည်းမျဉ်းသစ်တွေ ထုတ်ပြန်ခဲ့ပါတယ်။  ကျန်ခဲ့တဲ့ ၂ လအတွင်း ဥရောပတလွှား နေရာအများစုမှာ အထူးသဖြင့် စပိန်နဲ့ ပြင်သစ်တို့ မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု၊ လူနာ ဆေးရုံတင်နှုန်းနဲ့ သေဆုံးနှုန်းတွေပါ တိုးခဲ့ပါတယ်။  စပိန်ကတော့ ဥရောပနိုင်ငံ အားလုံးထက် ကူးစက်ခံဦးရေ ပိုခဲ့တာပါ။ မဒရစ်မြို့တော်ရဲ့ အဆိုးဆုံးကူးစက်ခံ နေရာတွေကို ပစ်မှတ်ထား အသွားအလာ ကန့်သတ် မယ့် လုပ်ဆောင်ချက်တွေကို  မြို့အစိုးရက စက်တင်ဘာ ၂၅ ရက် နှောင်းပိုင်းမှာ ကြေညာမယ်လို့ ဆိုပါတယ်။  ပြင်သစ်မှာတော့ စက်တင်ဘာ ၁၇ တရက်တည်းမှာ ကူးစက်မှုအသစ် ၁၀၆၀၀ နီးပါးရှိလို့ ကူးစက်ကပ်ဘေး စကတည်းက တရက်တည်း လူအများဆုံး ကူးစက်မှုအဖြစ် စံချိန်သစ် တင်လိုက် ပါတယ်။  ဥရောပဟာ အစ္စရေးရဲ့ဥပမာကို မလိုက်ဖို့ မျှော်လင့်နေတာပါ။ အစ္စရေးကတော့ ဂျူးလူမျိုးတွေရဲ့ အားလပ်ရက်ရာသီမှာ စက်တင်ဘာ ၁၈ ရက်ကစပြီး တနိုင်ငံလုံး ဒုတိယအကြိမ် အသွားအလာ ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။  
8 months Ago
Up