ကိုဗစ်ကန့်သတ်ချက်

November 22, 2021

ဘယ်လ်ဂျီယံနှင့် နယ်သာလန်တွင် ကိုဗစ်ကန့်သတ်ချက်များအပေါ် ဆန္ဒပြ

ဥရောပတိုက်က ဘယ်လ်ဂျီယံနိုင်ငံရဲ့မြို့တော် ဘရပ်ဆဲလ်နဲ့ နယ်သာလန်နိုင်ငံ ရော့တာဒန်မြို့တို့မှာ နိုဝင်ဘာ ၂၁ ရက်က ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။

ဘယ်လ်ဂျီယံမြို့တော်မှာ ထောင်ချီတဲ့ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့ တွေနဲ့ ရေအမြောက်တွေကို သုံးခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက လက်နက်အကြီးအကျယ် ကိုင်ဆောင်ထားတဲ့ ရဲတွေဆီကနေ ထွက်ပြေးနေပုံ ရုပ်သံတွေကို လူမှုကွန်ရက် မီဒီယာပေါ်မှာ တွေ့ရပါတယ်။

တချို့ဆန္ဒပြသူတွေက ရဲကားတွေရဲ့ ပြတင်းပေါက်တွေကို ရိုက်ခွဲ တုံ့ပြန်ခဲ့တာဖြစ်ပြီး အခုချီတက်ပွဲမှာ လူအယောက် ၃၅၀၀၀ ကျော် ပါဝင် ခဲ့တယ်လို့ ရဲက ခန့်မှန်းထားပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုစတုတ္ထလှိုင်းကြောင့် နိုဝင်ဘာ ၁၇ ရက်မှာ ကန့်သတ်ချက်တွေကို တင်းကျပ်လိုက်ပြီး Mask တွေကို ပိုကျယ်ကျယ်ပြန့်ပြန့် သုံးကြဖို့နဲ့ လူတွေ အိမ်ကနေပဲ အလုပ်လုပ်ကြ ဖို့ အာဏာပိုင်တွေက ကြေညာခဲ့တာပါ။

တနင်္ဂနွေနေ့ထိ ဘယ်လ်ဂျီယံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ စုစုပေါင်း ၁၅ သိန်း ၈ သောင်းကျော်ရှိပြီး ကူးစက်ခံ သေဆုံးသူ ၂၆၀၀၀ ကျော်ရှိပြီလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

နယ်သာလန်နိုင်ငံမှာတော့   ဒုတိယညအဖြစ် နိုဝင်ဘာ ၂၀ ရက်က အကြမ်းဖက် ဆန္ဒပြခဲ့ကြတာပါ။ နိုင်ငံအနှံ့ ပြည်နယ် ၃ ခုမှာ လူ ၂၈ ယောက်ထက် မနည်း အဖမ်းခံရပြီး ရဲအရာရှိ ငါးယောက် ဒဏ်ရာရခဲ့ပါတယ်။

သောကြာညက ဆန္ဒပြပွဲကတော့ အကြမ်းဖက်မှုတရပ်ပဲလို့ မြို့တော်ဝန်က ပြောခဲ့ပြီး လူရာချီ တိုးလာတဲ့လူအုပ်ကို ထိန်းဖို့ ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့ရပါတယ်။

ဒါကြောင့်လို့ ယုံကြည်ရတဲ့ ဒဏ်ရာရသူ ၃ ယောက်ဟာ တနင်္ဂနွေနေ့ထိ ဆေးရုံပေါ်မှာ ရှိနေဆဲလို့ အာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံ လူနာတွေ တိုးနေလို့ ဆေးရုံတွေမှာ ဖိအားများလာတာကို ရှောင်ဖို့ နှစ်သစ်ကူး အကြိုည မီးရှူးမီးပန်း ပစ်ဖောက်တာကို တားမြစ်ပိတ်ပင်ခဲ့တဲ့အတွက် လူငယ်တွေ ဒေါသ ထွက်ခဲ့ကြတာပါ။

လူဦးရေ ၁၇ ဒသမ ၅ သန်း ရှိတဲ့ နယ်သာလန်မှာ အသွားအလာ ပိတ်ဆို့ကန့်သတ်ချက် တချို့ကို ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ပြန်လည် ချမှတ်ခဲ့ပါတယ်။

2 weeks Ago

May 10, 2021

မက္ကဆီကိုစီးတီးကို ကိုဗစ်ကန့်သတ်ချက် အဝါရောင်ဇုန်အဖြစ် ဖြေလျော့

မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကိုစီးတီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဆိုင်ရာ ကန့်သတ်ချက်တွေကို ကန့်သတ်ချက် အနည်းဆုံးအဆင့်ဖြစ်တဲ့ အဝါရောင်ဇုံအဖြစ် သတ်မှတ်ပြီး  မေ ၁၀ ရက်က ဖြေလျှော့ပေးလိုက်ပါတယ်။

 အဝါရောင်အဆင့် သတ်မှတ်ချက်ထဲမှာ စားသောက်ဆိုင်တွေ၊ အားကစားရုံတွေနဲ့ ရုပ်ရှင်ရုံတွေမှာ လက်ခံမယ့် လူဦးရေ တိုးနိုင်ပြီး မြို့ခံတွေဟာလည်း လေဟာပြင် ဂီတဖျော်ဖြေပွဲ တွေနဲ့ အားကစားပွဲစဉ်တွေကို ကန့်သတ်ချက်နဲ့အညီ တက်ရောက်နိုင်ပါတယ်။

  မေ ၁၂ ရက်က စပြီး လေဟာပြင် အားကစားပွဲစဉ်တွေကို ဝင်ဆံ့ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း၊ မေ ၁၇ ရက်က စပြီး အခန်းတွင်းပွဲစဉ်တွေအတွက် မူရင်းဝင်ဆံ့ လူဦးရေရဲ့ ၃၀ရာခိုင်နှုန်း တက်ရောက်နိုင်ခွင့်နဲ့ ကန့်သတ်ထားပါတယ်။

 မေ ၁၀ ရက်မှာ စတင်သက်ရောက်မယ့် ကန့်သတ်ချက် အသစ်ထဲ ဟိုတယ်မှာ ကျင်းပတဲ့ ကုန်စည်ပြပွဲတွေ၊ ဘဏ်တွေနဲ့ ရုပ်ရှင်ရုံတွေကို သွားရောက်နိုင်ခွင့်ထိ တိုးမြှင့် ထည့်သွင်းထား တယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

 လူဦးရေ ၂၂ သန်းရှိတဲ့ မြို့တော်အတွင်း ကူးစက်ခံဦးရေ ကျဆင်းလာလို့ တစ်လကြာ ကန့်သတ်ချက်တွေကို ပြန်ဖြေလျှော့ပေးခဲ့တာပါ။ 

မက္ကဆီကိုစီးတီးမြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံလူနာ ဆေးရုံတက်နှုန်းဟာလည်း ကပ်ဘေးသင့် ကာလတလျှောက်လုံး အနိမ့်ဆုံးအဆင့်ကို ကျဆင်းလာခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

7 months Ago
Up