ကိုဗစ္-၁၉ကူးစက္ခံရ

September 13, 2020

ရန်ကုန်မြို့က ဧရာဝတီဘဏ်ဝန်ထမ်းတဦး ကိုဗစ်-၁၉ ကူးစက်ခံရ၊ ဘဏ်ခွဲကို ယာယီပိတ်

ရန်ကုန်မြို့က ဧရာဝတီဘဏ်ဝန်ထမ်းတဦး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီးတဲ့နောက် အဲဒီဘဏ်ခွဲကို ယာယီပိတ်ထားလိုက်တယ်လို့ သိရပါတယ်။ အဲဒီဝန်ထမ်းဟာ တာမွေမြို့နယ်၊ လေးထောင့်ကန် ဧရာဝတီဘဏ် (Yangon - 50) က ဝန်ထမ်းတဦးဖြစ်ပြီး သူ့မှာ ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်းကို ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ ရောဂါဓာတ်ခွဲ စစ်ဆေးမှုအဖြေအရ အတည်ပြုနိုင်ခဲ့တာလို့ ဧရာဝတီဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လတ်တလောမှာတော့ အဆိုပါဝန်ထမ်းဟာ ဆေးကုသမှု ခံယူနေပြီး ဧရာဝတီဘဏ်အနေနဲ့ သူ့ရဲ့ မိသားစုဝင်တွေကိုလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။ ဘဏ်ခွဲကိုတော့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ စနစ်တကျပိုးသတ် သန့်စင်မှုတွေ ပြုလုပ်ဖို့အတွက် ယာယီပိတ်ထားခဲ့ပြီးဖြစ်ကာ အဲဒီဘဏ်ခွဲက ဝန်ထမ်းတွေကိုလည်း အသွားအလာ ကန့်သတ်နေထိုင်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လတ်တလောမှာတော့ တနိုင်ငံလုံးမှာ ဧရာဝတီဘဏ်ခွဲတွေကို ရခိုင်ပြည်နယ်၊ စစ် တွေဘဏ်ခွဲနဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ လေးထောင့်ကန်ဘဏ်ခွဲ ၂ ခုကို ပိတ်ထားခဲ့ရတာဖြစ်ပြီး ကျန်တဲ့ ဘဏ်ခွဲအားလုံးကိုတော့ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက် နေ့က အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး ဒီနေ့ညအထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂,၉၃၂ ဦးနဲ့ သေဆုံးသူစုစုပေါင်း အယောက် ၂၀ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
1 year Ago
Up