ကိုပါအမေရိက ဖလား အာဂျင်တီးနား ဆီမီးဖိုင်နယ် တက်

July 1, 2015

အာဂျင်တီးနားက ပါရာဂွေးကို ဂိုးပြတ်နိုင်ပြီး ကိုပါဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

ဇွန် ၃၀ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကိုပါဖလား ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားက ပါရာဂွေးကို ၆ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဒီပွဲမှာ အာဂျင်တီးနားက ကွင်းလယ်မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်တွေမှာ အပြန်အလှန် ရရှိခဲ့ပါတယ်။ နှစ်သင်းစလုံးက ဒီပွဲမှာ တိုက်စစ် ဦးစားပေး ၄-၃-၃ ကစားကွက်နဲ့ ယှဉ်ပြိုင်သွားပါတယ်။ အာဂျင်တီးနားက တိုက်စစ်မှာ မက်ဆီ၊ အဂွီရိုနဲ့ ဒီမာရီယာတို့ကို တင်ပြီး ကစားသွားပါတယ်။ အာဂျင်တီးနားအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာ နောက်တန်းသမား ရိုဂျို၊နဲ့ ကွင်းလယ်သမား ပါစတိုရီတို့က ၂ ဂိုးသွင်းယူပြီး ပါရာဂွေးအတွက် ချေပဂိုးကို ကာဆီရက်စ်က သွင်းယူပါတယ်။ ဒုတိယပိုင်းမှာ အာဂျင်တီးနားအတွက် အနိုင်ဂိုးတွေကို ဒီမာရီယာက ၂ ဂိုး၊ တိုက်စစ်မှူးတွေဖြစ်တဲ့ အဂွီရိုနဲ့ ဟီဂူအင်တို့က ၁ ဂိုးစီ သွင်းယူပြီး ဂိုးပြတ်နဲ့ အနိုင်ရသွားတာပါ။ ဒီပွဲမှာ နာမည်ကြီး တိုက်စစ်မှူး မက်ဆီ ကိုယ်တိုင် ဂိုးမသွင်းနိုင်ပေမယ့် အသင်းဖော်တွေ ဂိုးရအောင် ဖန်တီး ပေးနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကိုပါချန်ပီယံ ဆုဖလားကို ၁၉၉၃ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ဇူလိုင် ၄ ရက်နေ့ ယှဉ်ပြိင်မယ့် ကိုပါဖလား ဗိုလ်လုပွဲမှာတော့ အာဂျင်တီးနားအသင်းဟာ အိမ်ရှင် ချီလီနဲ့ ရင်ဆိုင်ရမှာပါ။ တတိယနေရာလုပွဲမှာတော့ ပါရာဂွေးနဲ့ ပီရူးတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago

June 29, 2015

ဘရာဇီး ကစားသမားများ ဗိုင်းရပ်စ်ရောဂါတမျိုး ခံစားနေရ၍ ကိုပါဖလားတွင် ရှုံးခဲ့ရကြောင်း ဒွန်ဂါပြော

ဘရာဇီး ဘောလုံးသမား အများစုဟာ ကိုပါဖလား ကွာတားဖိုင်နယ်မှာ ဗိုင်းရပ်စ် ရောဂါတမျိုးကို ခံစားခဲ့ရလို့ ပြိုင်ပွဲကနေ ရှုံးပြီး ထွက်ခဲ့ရတာဖြစ်တယ်လို့ နည်းပြ ဒွန်ဂါက ပြောလိုက်ပါတယ်။ ကစားသမား အများစုဟာ ပြိုင်ပွဲမတိုင်ခင်ကတည်းက ဗိုင်းရပ်စ် ရောဂါတမျိုးကို ခံစားနေရပြီး ခေါင်းကိုက်တာ၊ အန်တာနဲ့ နာကျင်ကိုက်ခဲတာတွေ ခံစားခဲ့ရကြောင်း နည်းပြ ဒွန်ဂါက ပြောပါတယ်။ အဲဒီ ကွာတားပွဲစဉ် ပထမပိုင်းမှာ ဘရာဇီးက တိုက်စစ်မှူး ရော်ဘင်ညိုသွင်းတဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ပေမယ့် နောက်ပိုင်းမှာ ချေပဂိုး ပြန်ပေးလိုက်ရတာပါ။ ပယ်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ဘရာဇီးက ပါရာဂွေးကို ၄ ဂိုး ၃ ဂိုးနဲ့ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။
6 years Ago
More News
Up