ကိုပါအမေရိကဖလား

July 9, 2019

ချီလီတိုက်စစ်မှူး ဆန်းချက်ဇ် အာဂျင်တီးနားနှင့်ပွဲမှ ဒဏ်ရာကြောင့် အနားယူရမည်

ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ဟာ ကိုပါအမေရိကဖလားပြိုင်ပွဲ အာဂျင်တီးနားနဲ့ တတိယလုပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် အနားယူရဖို့ ရှိနေပါတယ်။ ဆန်းချက်ဇ်ဟာ ပွဲအစ ၁၇ မိနစ်မှာပဲ တံကောက်ကျောဒဏ်ရာ ရခဲ့လို့  ဆက်မကစားနိုင်တော့ဘဲ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ချီလီအသင်းက အာဂျင်တီးနားကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဆန်းချက်ဇ်အနေနဲ့ လက်ရွေးစင်အသင်းနဲ့အတူ ဒဏ်ရာရခဲ့တာကြောင့် မန်ယူအသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိ သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေပြီး တရုတ်နဲ့ စင်ကာပူနိုင်ငံတွေမှာလည်း ခြေစမ်းပွဲတွေ ကစားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုပါအမေရိကဖလား ကစားခဲ့တဲ့ ဆန်းချက်ဇ်ကို အားလပ်ရက်ပေးထားတဲ့အတွက် ဇူလိုင်လနောက်ဆုံးအပတ်မှ အသင်းနဲ့ စတင်ပူးပေါင်းနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။
2 years Ago

July 8, 2019

တောင်အမေရိက ဘောလုံးအဖွဲ့ လေးစားမှု လုံးဝမရှိဟု မက်ဆီပြော

တောင်အမေရိက ဘောလုံးအဖွဲ့အစည်းဟာ ပြိုင်ပွဲကာလတလျှောက်လုံး လေးစားမှု လုံးဝမရှိခဲ့ဘူးလို့ ကစားသမားဘဝ သက်တမ်းတလျှောက် ဒုတိယအကြိမ်မြောက် အနီကတ်ပြား ပြသခံရပြီး ကွင်းအပြင်ထွက်ခွာခဲ့ရတဲ့ မက်ဆီက ပြောကြားလိုက်ပါတယ်။ ကိုပါအမေရိကဖလား တတိယနေရာလုပွဲမှာ အာဂျင်တီးနားနဲ့ ချီလီတို့ တွေ့ဆုံခဲ့ကြပြီး ပွဲကစားချိန် ၃၇ မိနစ်မှာ မက်ဆီနဲ့ မီဒယ်တို့ အချင်းများခဲ့ကြပါတယ်။ တဦးနဲ့တဦး ဒေါသတကြီး တွန်းထိုးခဲ့ကြလို့ ဒိုင်လူကြီးဖြစ်သူက နှစ်ဦးစလုံးကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ အရင်ဆုံး ရန်ရှာခဲ့တဲ့ မီဒယ်ကိုသာ ထုတ်ပယ်တာမဟုတ်ဘဲ မက်ဆီကိုပါ ထုတ်ပယ်ခဲ့လို့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ကလည်း ကျေနပ်မှုမရှိကြောင်း တရားဝင် ထုတ်ပြန်ထားပါတယ်။ ဆိုးရွားပြီး ညံ့ဖျင်းလွန်းတဲ့ ဒိုင်လူကြီးပြဿနာ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။ မက်ဆီကလည်း ဒိုင်လူကြီးတွေရဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ မပတ်သက်ခဲ့သလို သူတို့ရဲ့ ခြစားမှုကြောင့် ဘောလုံးအပေါ် ပရိသတ်တွေရဲ့ အားပေးမှု လျော့လာပြီး တဖြည်းဖြည်း ဝါးမျိုခံနေရပြီလို့ ဆက်လက်ပြောကြားပါတယ်။ ကိုပါအမေရိကဖလား တတိယနေရာလုပွဲမှာ အာဂျင်တီးနားက ချီလီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလား သမိုင်းတလျှောက် ၁၄ ကြိမ်ထိ ဗိုလ်စွဲထားပါတယ်။
2 years Ago

ပီရူးကို ၃ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး ဘရာဇီး ကိုပါအမေရိကဖလား ဆွတ်ခူး (ရုပ်သံ)

ကိုပါအမေရိကဖလား နောက်ဆုံးဗိုလ်လုပွဲအဖြစ် အိမ်ရှင် ဘရာဇီးနဲ့ ပီရူးအသင်းတို့ ဒီနေ့မနက် အစောပိုင်းက ယှဉ်ပြိုင်ရာ ဘရာဇီးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆု ဆွတ်ခူးသွားပါတယ်။ ဘရာဇီးအသင်းဟာ တိုက်စစ်မှာ ဂျီးဆပ်စ်၊ ဖာမီနို၊ ကော်တင်ဟိုတို့နဲ့ ပွဲထွက်ခဲ့ပြီး တိုက်စစ်မှူး ရစ်ခ်ျချာလီဆန်ကိုတော့ ဒုတိယပိုင်းမှ လူစားဝင် ကစားစေခဲ့ပါတယ်။ ဘရာဇီးအသင်းအတွက် ပွဲအစ ၁၅ မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ဂျီးဆပ်စ်ရဲ့ ဖြတ်တင်ဘောကို ဆိုဆာက အနီးကပ် ပိတ်သွင်းပြီး ရယူခဲ့တာပါ။ ပွဲချိန် ၄၄ မိနစ်မှာ ပီရူးအသင်းက ပယ်နယ်တီကတဆင့် ချေပဂိုးတဂိုး ပြန်သွင်းခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာ တိုက်စစ်မှူး ဂျီးဆပ်စ်က ဘရာဇီးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ဘရာဇီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း ပီရူးအသင်းထက် အသာရခဲ့ပါတယ်။ ပွဲချိန် မိနစ် ၇၀ မှာ ဘရာဇီးတိုက်စစ်မှူး ဂျီးဆပ်စ် နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပေမယ့် ပီရူးအသင်း အခွင့်အရေး အသုံးမချနိုင်ခဲ့ပါဘူး။ ဒီနောက် ပွဲပြီးကာနီးမှာ ဘရာဇီးအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး လူစားဝင်တိုက်စစ်မှူး ရစ်ခ်ျချာလီဆန် အမှားအယွင်းမရှိ ကန်သွင်းကာ ဘရာဇီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုဖလား ဆွတ်ခူးသွားပါတယ်။
2 years Ago
More News
Up