ကိုပါအီတာလီယာ

March 2, 2016

အေစီမီလန် ဂိုးပြတ်အနိုင်ရပြီး ကိုပါအီတာလီယာ ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

အီတလီစီရီးအေကလပ် အေစီမီလန်အသင်းက တတိယတန်းကလပ် အလက်ဇန်ဒရီယာ အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ကိုပါ အီတာလီယာ ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ မတ်လ ၁ ရက်နေ့ ယှဉ်ပြိုင်တဲ့ ပွဲစဉ် ပထမပိုင်းမှာ အေစီမီလန်အသင်းက ဂျာရာမီး မန်နက်ဇ် ၂ ဂိုး၊ ရိုမက်နောလီက ၁ ဂိုး သွင်းယူပြီး ပွဲကို ဦးဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ အလက်ဇန်ဒရီယာအသင်း ကစားသမားတဦး ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သလို ဘာလော့တယ်လီက အေစီမီလန်အတွက် ၁ ဂိုး ထပ်မံသွင်းယူခဲ့လို့ ပွဲအပြီးမှာ အေစီမီလန်က ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အေစီမီလန်အသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူ ကစားနိုင်ခဲ့သလို အလက်ဇန်ဒရီယာ အသင်းကလည်း ပရိသတ် ၁ သောင်း ၅ ထောင်လောက်ကို ဆန်ဆီရိုကွင်းကို ခေါ်ဆောင်လာခဲ့ပေမယ့် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပထမအကျော့မှာ မီလန်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူထားခဲ့လို့  ၂ ပွဲပေါင်း ရလဒ် ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ အေစီမီလန်က အင်တာမီလန် ဒါမှမဟုတ် ဂျူဗင်တပ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
6 years Ago

December 17, 2015

ဂျူဗင်တပ်နှင့် နာပိုလီတို့ ဂိုးပြတ်အနိုင်ရသည့် ကိုပါအီတာလီယာပွဲစဉ် (ရုပ်သံဟိုက်လိုက်)

ဒီဇင်ဘာ ၁၆ ရက်ညက ယှဉ်ပြိုင်ကစားတဲ့ ကိုပါအီတာလီယာ ဘောလုံးပွဲစဉ်တွေမှာ အီတလီစီးရီးအေက ဂျူဗင်တပ်နဲ့ နာပိုလီအသင်းတို့ ဂိုးပြတ်တွေနဲ့ အနိုင်ရရှိသွားပါတယ်။ ဂျူဗင်တပ်ကတော့ မြို့ခံပြိုင်ဘက် တိုရီနိုကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဒီပွဲမှာ တိုရီနိုအသင်းက ကစားသမားတဦး အထုတ်ခံရလို့ ၁၀ ဦးတည်းနဲ့ ယှဉ်ပြိုင်ကစားရတာ ဖြစ်ပါတယ်။ ဂျူဗီအတွက်ဂိုးတွေကို ပထမပိုင်း ပွဲချိန် ၂၈ မိနစ်မှာ ဆိုင်မွန် ဇာဇာက သွင်းယူခဲ့ပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒီနောက် ၅၁ မိနစ်မှာ ဇာဇာက ဒုတိယဂိုး၊ ၇၃ မိနစ်မှာ ဒိုင်ဘာလာက တတိယဂိုးနဲ့ ၈၂ မိနစ်မှာ ပေါ့ဘာက စတုတ္ထဂိုး သွင်းယူသွားပါတယ်။ ကွာတားဖိုင်နယ်မှာတော့ ဂျူဗင်တပ်က လာဇီယို သို့မဟုတ် အူဒီးနီးစ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ကိုပါအီတာလီယာ တခြားပွဲစဉ်မှာတော့ နာပိုလီအသင်းက ဟာလတ်စ်ဗာရိုးနားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်းပွဲအစ ၄ မိနစ်မှာ နာပိုလီအသင်းက အဖွင့်ဂိုး သွင်းယူခဲ့ပြီး ဦးဆောင်ခဲ့ပါတယ်။ ဒီနောက် ၁၂ မိနစ်မှာ ဒုတိယဂိုး သွင်းယူပြီး ပထမပိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားပါတယ်။ ဒုတိယပိုင်း ၇၅ မိနစ်မှာတော့ နာပိုလီအသင်းက တတိယဂိုးကို သွင်းယူသွားပြီး အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ဒီပွဲအနိုင်ကြောင့် နာပိုလီအသင်းက ကွားတားဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပြီး အင်တာမီလန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
6 years Ago
Up