အိန္ဒိယနိုင်ငံမှာ မြင့်တက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ကုသဖို့အတွက် အိပ်စင်ပါ ရထားတွဲဟောင်းတွေကို သီးခြားဆောင်တွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။
အိန္ဒိယနိုင်ငံတဝှမ်း ဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ဧပြီလ ၉ ရက်နေ့အထိ ၅,၈၀၀-ကျော် ရှိပြိး ၁၆၉ ယောက် သေဆုံးခဲ့ပါတယ်။
လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယ တနိုင်ငံလုံးကို သီတင်း ၃ ပတ် lockdown ချဖို့ ဝန်ကြီးချုပ် မိုဒီက အမိန့်ထုတ်ထားတာပါ။ ဒီလို lockdown ချလိုက်တာကြောင့် ဗိုင်းရပ်စ် ကူးစက်ခံရနှုန်း လျော့နည်းလာတယ်လို့ အစိုးရက ပြောကြားပါတယ်။
အကျိုးဆက်အနေနဲ့ နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ရထားလုပ်ငန်းတွေ ရပ်တန့်သွားခဲ့ပါတယ်။ ဒါပေမဲ့ တချို့ရထားတွဲဟောင်းတွေဟာ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ခွဲထားမယ့် သီးခြားအဆောင်တွေအဖြစ် ပေါ်ထွက်လာပါတယ်။
ဧပြီ ၉ ရက်က အနောက်ဘန်ဂေါပြည်နယ် ကိုလ်ကတ္တားမြို့မှာ အလုပ်သမားတွေက ရထားတွဲဟောင်းတွေကို သီးခြားဆောင်အဖြစ် ပြင်ဆင်ပြောင်းလဲနေပါတယ်။
ရထားတွဲတွေမှာ ပိုးသတ်ဆေးဖျန်းတာနဲ့ ပလက်စတစ်အကာတွေနဲ့ အိပ်စင်တွေကို ခြားထားတာကို မြင်တွေ့ရပါတယ်။
အိန္ဒိယမြောက်ပိုင်း ဆန်ဂါခရိုင်မှာလည်း ဒေသအစိုးရက ဘေးကင်းစခန်းဆိုတဲ့ ယာယီစခန်း တစ်ခုကို ဆောက်လုပ်ပြီး အဲဒီမှာ အလုပ်သမားတွေက ဘေစင်ကို ကိုင်စရာမလိုဘဲ လက်ဆေးတာနဲ့ ကိုယ်အပူချိန် တိုင်းတာတွေ ပြုလုပ်ရပါတယ်။
အဲဒီအစီအစဉ်မျိုးကို တောင်ပိုင်း ချင်းနိုင်မြို့မှာလည်း စတင်နေပြီး မြို့ထဲ ဝင်ရောက်တဲ့ ဆိုင်ကယ်သမားတွေဟာ ပိုးသတ်ဆေး အဖျန်းခံရတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
11 months Ago