ကိုင်ဟားဗတ်ဇ်

November 12, 2020

ချဲလ်ဆီးကို ပြောင်းရွှေ့ရသည့်အကြောင်း ကိုင်ဟားဗတ်ဇ် ပြော

ချဲလ်ဆီးအသင်းကို ပြောင်းရွေ့ဖို့ ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကိုင်ဟား ဗတ်ဇ်က ပြောဆို ရှင်းပြခဲ့ပါတယ်။ “အမြင်ရှိတဲ့အသင်း တသင်းမှာ ကစားဖို့ အရေးကြီတယ်” လို့လည်း သူက ပြောပါတယ်။ ဟားဗတ်ဟာ လေဗာကူဆင်အသင်းနဲ့အတူ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ အထူးခြေစွမ်း ပြနိုင်ခဲ့တာကြောင့် ဥရောပအသင်းကြီးတွေရဲ့ အလိုအရှိဆုံး ကစားသမား တဦးဖြစ်ခဲ့ပါတယ်။  အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ လေဗာကူဆင်အသင်းကို ဘွန်ဒက်လီဂါမှာအဆင့် ၅ ရအောင်အပြင် ပိုကယ်လ်ဖလားဗိုလ်လုပွဲ နဲ့ ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်အထိရှိ အောင်ကူညီပေးနိုင်ခဲ့ပါတယ်။  သူဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၄၅ ပွဲကစားပြီး ၁၈ ဂိုးအထိသွင်းယူခဲ့ပါတယ်။  ဒီစွမ်းဆောင်ရည်ကြောင့် သူ့ကို ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စတဲ့ အသင်းကြီးတွေက စိတ်ဝင်စားခဲ့ကြပြီး နောက်ဆုံးမှာတော့ ချဲလ်ဆီးအသင်းက သူ့ကို ခေါ်ယူနိုင်ခဲ့ ပါတယ်။  ချဲလ်ဆီးအသင်းဟာ ဟားဗတ်ဇ်အတွက်ပ ပြောင်းရွေ့ကြေးပေါင် ၇၂ သန်း အသုံးပြုခဲ့တာဖြစ်ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။  ချဲလ်ဆီးအသင်းမှာလည်း ဟားဗတ်ဇ်ဟာ ပုံမှန်ပွဲထွက်ကစားသမာေတဦးအဖြစ် ခြေစွမ်း ပြနိုင်နေပြီဖြစ်ပါတယ်။  ဥရောပထိပ်သီးအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုတွေရှိနေချိန်မှာ ချဲလ်ဆီးအသင်းကို ရွေးချယ်ခဲ့ခြင်းနဲ့ ဟားဗတ်ဇ်ကို မေးမြန်းခဲ့ရာမှာ ဂျာမနီလက်ရွေးစင်ကစားသမားက  “ကျနော်အတွက်တော့ အမြင်ရှိတဲ့ အသင်းတသင်းမှာ ကစားရဖို့ အရေးကြီးပါတယ်။ ချဲလ်ဆီးအသင်းဟာ ရှေ့ကို တိုးတက်နေတဲ့အသင်းပါ။ ကျနော်တို့ဟာ ထိပ်သီးကစားသမားတွေ ရှိတဲ့ နုပျိုတဲ့ အသင်းတသင်းဖြစ်သလို ဆာလောင်မှုလည်း ရှိနေကြပါတယ်။ ဒီအသင်းမှာ တစုံတခုကို တည်ဆောက်ပြီး တိုက်ခိုက်လိုနေကြပါတယ်။ ဒါဟာ ကျနော်တို့အတွက် လှုံ့ဆော်မှုဖြစ်စေပါတယ်။ အသင်းနဲ့အတူ ဆုဖလားတစ်ခုခုကို ဆွတ်ခူးဖို့လည်း ထိုက်တန်မှု ရှိပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။  “အပြောင်းအရွှေ့ကိစ္စဟာ ညတွင်းချင်းဖြစ်လေ့ရှိတာမျိုး မဟုတ်ပါဘူး။ ကိုယ့်အတွက် အရေးပါမယ့်အရာတွေကို ဘက်ပေါင်းစုံကနေ စဉ်းစားကြည့်ခဲ့ပါတယ်။  ပရီးမီးယားလိဂ်ပွဲတွေ ကြည့် လေ့ရှိတာကြောင့် ချဲလ်ဆီးအသင်းအကြောင်းကောင်းကောင်းသိပါတယ်” လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။  ဟားဗတ်ဇ်မတိုင်ခင် သူ့ရဲ့ဂျာမနီအသင်းဖော် တီမိုဗာနာဟာ ချဲလ်ဆီးအသင်းကို ပေါင် ၄၇ ဒသမ ၅ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဗာနာရှိနေခြင်းက သူ့အတွက် တော်တော်လေး အထောက်အကူဖြစ်စေခဲ့တယ်လို့ ဟားဗတ်ဇ်က ဝန်ခံပါတယ်။  ဒါပေမဲ့ သူဟာ ဗာနာအပေါ် အမြဲတမ်းမှီခိုနေမှာ မဟုတ်ဘူးလို့လည်း ဆက်လက်ပြော ဆိုပါတယ်။ 
5 months Ago

September 1, 2020

လေဗာကူဆန် ကွင်းလယ်လူ ကိုင်ဟားဗတ်ဇ်ကို ခေါ်ယူရန် ချဲလ်ဆီးအသင်း နီးစပ်

ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ သီတင်းပတ်အတန်ကြာ ဆွေးနွေးခဲ့ပြီးတဲ့နောက်မှာတော့ ချဲလ်ဆီးအသင်းဟာ လေဗာကူဆန် ကွင်းလယ်လူ ကိုင်ဟားဗတ်ဇ်ကို ခေါ်ယူဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကစားသမားအတွက် လေဗာကူဆန်ဘက်က ပေါင်သန်း ၉၀ တောင်းဆိုခဲ့ပြီး ချဲလ်ဆီးဘက်က ပေါင် ၇၂ သန်းကို လက်ငင်းပေးကာ ကျန် ၁၈ သန်းကို ဆုကြေးငွေအဖြစ် ပေးချေသွားဖို့ ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ကိစ္စကို မကြာခင်မှာ အသင်းတွေဘက်က တရားဝင် ထုတ်ပြန် ကြေညာသွားမယ်လို့ ယူဆရပြီး အတည်ပြုနိုင်ခဲ့ပြီဆိုရင် အသက် ၂၁ နှစ်အရွယ်ဟားဗတ်ဇ်ဟာ ချဲလ်ဆီးအသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပိုင်ရှင် ဖြစ်လာမှာပါ။ ချဲလ်ဆီးဟာ ကစားသမားကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီချက်ရရှိခဲ့ပြီး ဖြစ်ပါတယ်။  လေဗာကူဆင်နည်းပြ ပီတာဘွတ်ဇ်ကိုယ်တိုင်ကလည်း ဟားဗတ်ဇ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းတော့မယ်လို့ မယူဆကြောင်း ပြောဆိုထားပါတယ်။ ဟားဗတ်ဇ်ကို ခေါ်ယူနိုင်ဖို့လည်း သေချာသလောက်ရှိနေပြီ ဖြစ်တာကြောင့် လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဂိုးသမားနေရာကို ခေါ်ယူအားဖြည့်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ရင်းနက်စ်ဂိုးသမား မန်ဒီကို ပြီးခဲ့တဲ့သီတင်းပတ်က စတင်ချိတ်ဆက်ခဲ့ပါတယ်။  မန်ဒီလို ဂိုးသမားမျိုးကို ခေါ်ယူသင့်တယ်လို့ နည်းစနစ်နဲ့ စွမ်းဆောင်ရည်ဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ ပီတာဆတ်ကိုယ်တိုင် ဝန်ခံထားပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ လက်ရှိဂိုးသမား ကတ်ပါကိုလည်း ပစ်ပယ်ထားမှာမဟုတ်ဘူးလို့ ဆတ်က ပြောပါတယ်။  “နောက်ထပ် ကစားသမားသစ်တွေ ထပ်ခေါ်ဦးမှာပါ။ ဂိုးသမား နေရာအတွက်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကျနော်တို့ဘက်က လက်ရှိ ဂိုးသမားကို လက်လျှော့လိုက်ပြီဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ သူ့အနာဂတ်မှာ အခုထက်ပိုကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ကျနော်တို့အားလုံးမှာ ရှိနေပါတယ်။” ချဲလ်ဆီးအသင်းဟာ ဒီနွေရာသီ ထိပ်သီးအသင်းကြီးတွေထဲမှာ ငွေသုံးအကြမ်းဆုံးအသင်းအဖြစ် ရပ်တည်နေပြီး လိုက်ပစ်ဇ်အသင်းရဲ့ တီမိုဝါနာ၊ အေဂျက်ဇ်အသင်းရဲ့ ဇီယတ်ချ်၊ လက်စတာအသင်းရဲ့ ဘန်ချီဝဲလ်တို့ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့သလို ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။
8 months Ago
Up