ကိုင်ရိုမြို့

December 27, 2020

ကိုင်ရိုမြို့တွင် ကိုဗစ်လူနာများအား ကုပေးနေသည့် ပုဂ္ဂလိကဆေးရုံ မီးလောင်၊ ၇ ဦး သေဆုံး

အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုရဲ့ မြို့စွန်မှာ ကိုဗစ်-၁၉ လူနာတွေကို ကုသပေးနေတဲ့ ပုဂ္ဂလိကဆေးရုံတရုံ ဒီဇင်ဘာ ၂၆ ရက်က မီးလောင်ခဲ့တာကြောင့် လူ ၇ ယောက် သေဆုံးပြီး အတော်များများ ဒဏ်ရာရတယ်လို့ ဒေသ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ကိုင်ရိုမြို့လယ်ရဲ့ အရှေ့မြောက်ဘက် ၁၉ မိုင်အကွာ အယ်လ်အိုဘောင်ဝါဒေသ မစ်စီယာ အယ်လ်အမ်မယ်လ်ဆေးရုံမှာ ဒေသစံတော်ချိန် မနက် ၉ နာရီလောက်က မီးစတင် လောင်ကျွမ်းခဲ့တာပါ။  ကနဦးက စုံစမ်းစစ်ဆေးချက်အရ လျှပ်စစ်ချို့ယွင်းချက်ကြောင့် ဖြစ်တာလို့ လုံခြုံရေးနဲ့ ဆေးဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဆေးရုံက လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ပြီး လူနာတွေကိုတော့ ကိုင်ရိုမြို့တော် ပြည်သူ့ဆေးရုံဆီ လွှဲပေးထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အီဂျစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ သိသိသာသာ မြင့်တက်ခဲ့ပါတယ်။ ဒီနေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ကူးစက်ခံ ၇၃၅၀ ကျော်ရှိပြီလို့ သိရပါတယ်။
10 months Ago
Up