ကိုကိုးကျွန်း

January 5, 2021

ကိုကိုးကျွန်းတွင် ၂၄ နာရီ လျှပ်စစ်မီး စတင်ရရှိ(ဓာတ်ပုံ)

ရန်ကုန်တိုင်းမြို့နယ်တခုဖြစ်တဲ့ ကိုကိုကျွန်းမြို့နယ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်ညပိုင်းက စတင်ကာ ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားပါတယ်။ ကိုကိုးကျွန်းမြို့နယ်ဟာ ကမ်းရိုးတန်းနဲ့ အလှမ်းကွာဝေးတဲ့ ကပ္ပလီပင်လယ်တွင်းရှိ ကျွန်းမြို့နယ်တခုဖြစ်ပြီး ရန်ကုန်နဲ့ ရေမိုင် ၂၆၀ ကျော် အကွာမှာ တည်ရှိပါတယ်။ ဆက်သွယ်သွားလာရ ခက်ခဲတဲ့ ကိုကိုးကျွန်းမြို့နယ်မှာ အရင်ကတော့ လျှပ်စစ်ဓာတ်အားကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဖြန့်ဖြူးပေးတဲ့ ဒီဇယ်အင်ဂျင်မီးစက်တွေနဲ့ တရက်ကို ၆ နာရီလောက်သာ အချိန်အကန့်အသတ်နဲ့ သုံးစွဲနေခဲ့ကြရတာမို့ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ စီးပွားရေး စတဲ့ ဒေသဖွံ့ဖြိုးရေးတွေမှာ နောက်ကျနေခဲ့ရတယ်လို့ ဆိုပါတယ်။  ပြီးခဲ့တဲ့နှစ်၊ ဩဂုတ်လမှာတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ဘဏ္ဍာရန်ပုံငွေနဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ (ဝ.၅) မဂ္ဂဝပ်ကို တည်ထောင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်မှာတော့ ကျွန်းတခုလုံးကို ဓာတ်အားစမ်းသပ်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကိုကိုးကျွန်းနေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ (Solar+ Battery+Diesel Generator) Hybrid System အမျိူးအစားဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိတဲ့ ပြန်လည်ဖွံဖြိုးမြဲစွမ်းအင် (Renewable Energy) တခုဖြစ်တဲ့ နေရောင် ခြည်စွမ်းအင်အသုံးပြု လျှပ်စစ်ဓာတ်အားပေးစက်ရုံ အမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ ကိုကိုးကျွန်းမြို့နယ်ကို ၂၄ နာရီအပြည့် လျှပ်စစ်ဓာတ်အား ပေးနိုင်တော့မှာမို့ ရန်ကုန်တိုင်းဟာ မြို့ပြနဲ့ ကျေးလက်နေ မီးသုံးစွဲသူအားလုံးကို လျှပ် စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း အပြည့်အဝပေးနိုင်တဲ့ ပထမဆုံးတိုင်းဒေသကြီး ဖြစ်လာ တော့မယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
6 months Ago

May 19, 2020

စူပါဆိုင်ကလုန်းမုန်တိုင်း ကိုကိုးကျွန်းမြို့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၀၀ ခန့်ကို ဗဟိုပြုနေ

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်ဟာ မြောက် - အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ကိုကိုးကျွန်းမြို့ ရဲ့ အနောက်-အနောက် မြောက်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်နဲ့ ပုသိမ်မြို့ရဲ့ အနောက်-အနောက်တောင် ဘက် ရေမိုင် ၄၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ပါတယ်။  စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာမယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန် ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့် ၉ ပေမှ ၁၄ ပေ ခန့်ရှိနိုင်ပါတယ်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီ လျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့်ရှိနိင်ပါတယ်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို ဝင်ရောက်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ရဲ့ အရှိန်ကြောင့် ကမ်းနီး၊ ကမ်းဝေး သွားလာနေကြတဲ့ ငါးဖမ်းရေယာဉ်၊ သင်္ဘောတွေနဲ့ လေယာဉ်တွေအနေနဲ့ ဆိုးရွားတဲ့ မိုးလေဝသအခြေအနေတွေ ကြိုတင်သတိပြုကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။
1 year Ago
More News
Up