ကိုကင်းထုတ်လုပ်မှု

November 30, 2020

ကိုကင်းထုတ်လုပ်မှု လျှော့ချရန် ဓာတ်ငွေ့မှိုင်းတိုက်သင့်ဟု ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး ပြော

ကိုကင်းထုတ်လုပ်မှု လျှော့ချဖို့ ကိုလံဘီယာ အစိုးရဟာ ကိုကာပင်တွေကို ဟာဘီဆိုဒ် ဂလိုင်ဖိုဆိတ်ဓာတုငွေ့နဲ့ လေကြောင်းကနေ မှိုင်းတိုက်တာ စလုပ်ရလိမ့်မယ်လို့ ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီးရဲ့ စကားကို ကိုးကားပြီး နိုဝင်ဘာ ၃၀ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကိုကင်းထုတ်လုပ်ရေးဟာ တရားမဝင် လက်နက်ကိုင်အုပ်စုတွေရဲ့ ဝင်ငွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို သတ်ဖြတ်မှုနဲ့ အစုလိုက်အပုံလိုက် လူသတ်မှုတွေရဲ့ ရင်းမြစ်လည်း ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ ဂလိုင်ဖှိုဆိတ် သုံးပြီး လေကြောင်းကနေ မီးခိုးမှိုင်းတိုက်တဲ့ လုပ်ရပ်ဟာ ကင်ဆာကို ဖြစ်စေနိုင်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က စိုးရိမ်တဲ့အတွက် ဒီနည်းလမ်းကို ဆိုင်းငံ့ထားတာ ၂၀၁၅ ကတည်းကပါ။ ကိုကင်း ချက်လုပ်ရာမှာ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကိုကာပင် စိုက်ပျိုးရေးဟာ ၂၀၁၇ မှာတော့ အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂ ကိန်းဂဏန်းတွေက ဆိုပါတယ်။ ကိုလံဘီယာ အစိုးရဟာ တရားမဝင်စိုက်ခင်းတွေ အမြန်လျော့ကျဖို့ ဆေးဖျန်းတာ ပြန်လုပ်ဖို့ လိုနေပြီလို့ ကာကွယ်ရေးဝန်ကြီး ကားလော့စ်ဟုမ်းစ်ထရူဂျီလိုက ပြောပါတယ်။ သမ္မတ အိုင်ဗန်ဒူကေး အစိုးရဟာ မှိုင်းတိုက်တဲ့ လုပ်ငန်းစဉ် ပြန်စရေး အခြေခံဥပဒေ ခုံရုံးက ချမှတ်တဲ့ စံချိန်စံညွှန်းတွေကို လိုက်နာဖို့ လုပ်ငန်းစဉ်အတိုင်း လုပ်နေပါတယ်။ သဘာဝပတ်ဝန်းကျင် စည်းမျဉ်းကြီးကြပ်သူတွေရဲ့ ခွင့်ပြုချက် လိုအပ်နေပြီး လေကြောင်းကနေ မှိုင်းတိုက်မှု ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေရဲ့ ဥပဒေအရ အရေးယူမှုတွေကြောင့် လက်တလောမှာ နှောင့်နှေးနေပါတယ်။ အမေရိကန် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီကတော့ ဒီဓာတုပစ္စည်းဟာ ကင်ဆာဖြစ်စေနိုင်တဲ့အရာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ကိုလံဘီယာနိုင်ငံထဲမှာ တက်ကြွလှုပ်ရှားသူ ၂၅၉ ဦး အသတ်ခံထားရပြီး ဓားစာခံ ၁၁၁ ယောက်ဟာ အစုလိုက်အပြုံလိုက် သတ်မှု ၂၃ မှုအတွင်း အသတ်ခံခဲ့ရတယ်လို့ သုတေသနအုပ်စု အင်ဒေပက်ဇ်က ပြောပါတယ်။ လေကြောင်းကနေ ဓာတ်ငွေ့မှိုင်းတိုက်တာ မပါပေမယ့် ကိုလံဘီယာဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ကိုကာစိုက်ခင်း ဟက်တာ ၁၃၀,၀၀၀ ကို စံချိန်တင် ဖျက်ဆီးမယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
4 months Ago
Up