ကိုကင်း ၆၅၀ ဂရမ်ကို ဝမ်းဗိုက်တွင်း မျိုချသယ်ဆောင်လာသူ အမျိုးသမီးအား ဖမ်းဆီး

January 24, 2017

ကိုကင်း ၆၅၀ ဂရမ်ကို ဝမ်းဗိုက်တွင်း မျိုချသယ်ဆောင်လာသူ အမျိုးသမီးအား ဖမ်းဆီး

ကိုကင်းအလေးချိန် ၆၅၀ ဂရမ်ကို အတုံးတွေပြုလုပ်ပြီး မျိုချကာ ၀မ်းဗိုက်တွင်း ထည့်သွင်းသယ်ဆောင်လာသူ ရုရှားနိုင်ငံသူ အမျိုးသမီးတဦးကို ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှာ ဖမ်းမိခဲ့ပါတယ်။ သူဟာ အဲဒီကိုကင်းတွေကို ထိုင်းနိုင်ငံမှာ ဖြန့်ဖြူးရောင်းချနိုင်ဖို့အတွက် အတုံးရေ ၅၇ တုံးတိတိပြုလုပ်ကာ မျိုချပြီး သယ်ဆောင်လာခဲ့တာလို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းမှာ ဇန်နဝါရီ ၂၃ ရက်နေ့က ဖော်ပြပါတယ်။ လေဆိပ်တာဝန်ကျ ရဲအရာရှိတွေဟာ အမျိုးသမီးကို သံသယရှိတဲ့အတွက် X-Ray ဖြတ်စေကာ စစ်ဆေးခဲ့ချိန်မှာ သူ့ရဲ့ခန္ဓာကိုယ် အစာအိမ်အတွင်းမှာ ကိုကင်းတွေကို စစ်ဆေးတွေ့ရှိခဲ့ကြတာပါ။ အဲဒီနောက်တော့ သူ့ကို ဆေးရုံပို့ဆောင်စစ်ဆေးခဲ့ကြပြီး အစာအိမ်ထဲမှ ကိုကင်းတုံးတွေကို ထုတ်ယူနိုင်ခဲ့ကြတာပါ။ အဆိုပါအမျိုးသမီးဟာ ဘရာဇီးနိုင်ငံကနေ ထိုင်းနိုင်ငံတွင်းကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဆာအိုပေါ်လိုမြို့မှ အနောက်အာဖရိကန် မူးယစ်ဆေးဝါးဂိုဏ်းတခုနဲ့ ဆက်စပ် ပတ်သက်နေတယ်လို့ ဆိုပါတယ်။ သူဟာ ဘရာဇီးလေဆိပ်ကနေ မထွက်ခွာခင်မှာ ကိုလာအအေးပုလင်းတခုထဲမှာ ကိုကင်းတုံးတွေ ထည့်သွင်းကာ သောက်ခဲ့ပြီးမှ လေယာဉ်နဲ့ ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့တာပါ။ အီလီယာ မာကူစကိုဗာ အမည်ရတဲ့ အဲဒီအမျိုးသမီးက သူ့အနေနဲ့ ခုလို သယ်ဆောင်ပေးမှုအတွက် အမေရိကန်ဒေါ်လာ ၃၅၀၀ ရရှိခဲ့ပြီး ထိုင်းနိုင်ငံတွင်းမှ တခြား အာဖရိကန်တွေဆီ ပို့ဆောင်ပေးရမှာဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ မူးယစ်ဆေးဝါး တရားမဝင်တင်သွင်းမှု၊ လက်ဝယ်ပိုင်ဆိုင်မှု၊ ရောင်းချရန် ကြံစည်မှုတွေနဲ့ ပြစ်ဒဏ်ကျခံရမှာဖြစ်ပြီး လာမယ့် ဇန်နဝါရီ ၂၆ ရက်နေ့မှာတော့ ရဲတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
5 years Ago
Up