သြစတြေးလျနိုင်ငံ၊ ခရစ္စမတ်ကျွန်းပေါ်မှာရှိတဲ့ ကဏန်းအနီတွေကို မထိခိုက်စေဘဲ အလွယ်တကူ ဖယ်ရှားပေးနိုင်တဲ့ ကိရိယာတခုကို ကျွန်းပေါ်မှာရှိတဲ့ အော်ပရေတာတဦးက အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။
ဒီကဏန်းတွေဟာ သူတို့ရဲ့ ဥဥရာသီဖြစ်တဲ့ ဒီဇင်ဘာမှာ အစုလိုက်အပြုံလိုက် လမ်းမတွေပေါ်ကို ဖြတ်သန်းသွားလာလေ့ရှိပြီး ဒီကဏန်းတွေကို မထိခိုက်စေဖို့အတွက် ကျွန်းပေါ်မှာ ရှိတဲ့ ဝန်ထမ်းတွေဟာ တခါတရံ လမ်းတွေကို ပိတ်ထားရလေ့ရှိပါတယ်။
ဒါ့ကြောင့် ကျွန်းပေါ်မှာရှိတဲ့ Swell Lodge လို့ခေါ်တဲ့ အပန်းဖြေစခန်းကို လာရောက်တဲ့လူတွေဟာ သူတို့ သွားလိုတဲ့နေရာကို သွားရဖို့ဆိုရင် ပိုဝေးတဲ့လမ်းကို ရွေးချယ်ရခြင်း ဒါမှမဟုတ် လမ်းလျှောက်ရခြင်းတွေကို ပြုလုပ်ရလေ့ရှိပါတယ်။
ဒီလိုအခြေအနေမှာ ခရစ္စဘရေးလို့ ခေါ်တဲ့ Swell Lodge က သူ့ဧည့်သည်တွေအတွက် ကိရိယာတခုကို ဖန်တီးခဲ့ပြီး ဒီကိရိယာတွေကို သူ့ဂျစ်ကားမှာ တပ်ဆင်ခဲ့ပါတယ်။ ဒီကိရိယာက လမ်းပေါ်မှာရှိတဲ့နေတဲ့ ကဏန်းတွေကို ညင်သာစွာ ဖယ်ရှားပေးမှာဖြစ်တဲ့အတွက် ဧည့်သည်တွေအနေနဲ့ ကဏန်းတွေရှိတဲ့လမ်းကိုတောင် ကားနဲ့ အဆင်ပြေစွာ ဖြတ်သန်း သွားလာနိုင်မှာပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး ဖယ်ရှားရေးကိရိယာကို အသုံးပြုဖို့အတွက် သြစတြေးလျ ပန်းခြံများဆိုင်ရာ အဖွဲ့အစည်းက အတည်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ ဘရေး တင်ထားတဲ့ ဗွီဒီယိုမှတ်တမ်းတွေမှာလည်း သူ့ရဲ့ ဖယ်ရှားရေး ကိရိယာဟာ လမ်းပေါ်မှာရှိတဲ့ ကဏန်းတွေကို မထိခိုက်စေဘဲ အလွယ်တကူ ဖယ်ရှားပေးနိုင်တာကို တွေ့ရပါတယ်။
ဒီကိရိယာကိုတပ်ထားရင် ကားကို မြန်မြန်မောင်းနိုင်မှာ မဟုတ်ပေမယ့် ဒါက လမ်းလျှောက်သွားရတာထက်တော့ ပိုကောင်းပါတယ်လို့ ဘရေးက ပြောပါတယ်။
ခရစ္စမတ်ကျွန်းပေါ်မှာ ကဏန်းကောင်ရေ သန်း ၄၀ လောက်ရှိပြီးတော့ တာဝန်ရှိသူတွေက ဒီကဏန်းတွေအတွက် ဖြတ်လမ်းတွေ၊ တံတားတွေ စီစဉ်ပေးထားရပါတယ်။
ရုပ်သံ - ABC News
1 year Ago