ကိန်း၊ ဝမ်ယာမာတို့၏ သွင်းဂိုးဖြင့် စပါးစ်က မန်ယူကို ၂ ဂိုး ၁ ဂိုးဖြင့်နိုင်

May 15, 2017

ကိန်း၊ ဝမ်ယာမာတို့၏ သွင်းဂိုးဖြင့် စပါးစ်က မန်ယူကို ၂ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ အဖြစ် တော့တင်ဟမ်ဟော့စပါးစ်နဲ့ မန်ယူတို့ မေလ ၁၄ ရက်က ယှဉ်ပြိုင်ရာ စပါးစ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲရှုံးနိမ့်ခဲ့တဲ့ မန်ယူအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့် ထိပ်ဆုံးလေးသင်းထဲဝင်ရေး မျှော်လင့်ချက် ပျက်သုဉ်းသွားခဲ့ပါတယ်။ နှစ်ပွဲကစားဖို့ ကျန်နေတဲ့အချိန်မှာ မန်ယူဟာ အမှတ်ပေးဇယား အဆင့် ၄ နေရာက မန်စီးတီးနဲ့ ၇ မှတ်ကွာဟသွားတာမို့ ထိပ်ဆုံးလေးသင်းထဲဝင်ရေး မဖြစ်နိုင်တော့ပါဘူး။ မန်ယူဟာ ယူရိုပါလိဂ် နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်ထားတဲ့အတွက် ယူရိုပါလိဂ်ဖလား ရယူပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ရိုက်ရမယ့် အခွင့်အရေးကို ပိုပြီးအလေးထားတာမို့ ဒီပွဲမှာ အဓိက ကစားသမားတချို့ကို အနားပေးခဲ့ပါတယ်။ အိမ်ရှင် စပါးစ်အသင်းကတော့ မန်ယူကို အနိုင်ရရေးအတွက် အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာပြီး ဘောလုံးပိုင်ဆိုင်ခွင့်အသာ၊ ဂိုးကန်သွင်းခွင့် အသာစီးရအောင် ကစားနိုင်ခဲ့ပါတယ်။ စပါးစ်အတွက် အဖွင့်ဂိုးကို ပွဲချိန် ၆ မိနစ်မှာပဲ ဝမ်ယာမာက ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့သလို ၄၈ မိနစ်မှာ တိုက်စစ်မှူး ကိန်းက ဒုတိယဂိုး သွင်းယူပေးခဲ့တာပါ။ မန်ယူအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၇၁ မိနစ်မှာ အသင်းခေါင်းဆောင် ရွန်နီက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအပြီးမှာ စပါးစ်အသင်းက ရမှတ် ၈၀ နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာပဲ ဆက်လက်ရပ်တည်နေပြီး မန်ယူကတော့ ရမှတ် ၆၅ မှတ်နဲ့ အဆင့် ၆ မှာ ရှိနေပါတယ်။
4 years Ago
Up