ကား ၃ စီးနှင့် ကုန်ပစ္စည်း အများအပြား ဖမ်းမိ

April 7, 2017

ရေပူဂိတ်တွင် တရားမဝင်သစ်သယ် ကား ၃ စီးနှင့် ကုန်ပစ္စည်း အများအပြား ဖမ်းမိ

ရှမ်းပြည်မြောက်ပိုင်း ရေပူဂိတ်မှာ တရားမဝင် သစ်တွေ သယ်ဆောင်လာတဲ့ ကား ၃ စီးနဲ့ တရားမဝင် ကုန်ပစ္စည်းအများအပြား ဧပြီ ၇ ရက်က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ “မနက် ၁ နာရီလောက်မှာ သတင်းပေးလို့ ဂိတ်ကိုဖြတ်ဖို့ ပါဂျဲရိုတစီးနဲ့ Surf ကား ၂ စီး သစ်အပြည့်တင်ထားပြီး စောင့်နေတယ်ဆိုလို့ အဲဒါကို သွားဖမ်းလိုက်တယ်။ အစ်ကိုတို့ ဖမ်းတဲ့နေရာကို ရောက်သွားတဲ့အချိန်မှာ လူက ၆ ယောက်ရှိတယ်။ တစီးမှာ ၂ ယောက်ရှိတယ်။ အဖွဲ့အစည်းတခုတော့ ရှိတယ်။ နာမည်တော့ မပြောတော့ဘူး။ အဲဒီအဖွဲ့အစည်းက ဒီဂိတ်ကို ဖြတ်ဖို့ စောင့်ခိုင်းလိုက်တာ။ ဖမ်းတဲ့အချိန်မှာ ၅ ယောက်က ထွက်ပြေးသွားတယ်။ တယောက်ပဲ မိလိုက်တယ်” လို့ အကောက်ခွန်ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ သစ်တွေဟာ ပိတောက်သစ်တွေဖြစ်ပြီး သစ်အပါအဝင် ကားနဲ့လူကို သိန္နီရဲစခန်းတွင် အပ်ထားပြီလို့ ပြောပါတယ်။ “ဒီနေ့ တရက်တည်းကိုပဲ သစ်တင်လာတဲ့ ကား ၃ စီးရယ်၊ ကုန်ပစ္စည်းကားတွေရော ဖမ်းမိတယ်။ အဲဒီသစ်ကားထဲမှာ တစီးကို သစ်တန်ချိန် ၁ တန်ခွဲစီတော့ ပါတယ်။ ၃ စီးဆိုတော့ ၄ တန်ခွဲလောက် ပါမယ်။ ကားတွေရော သစ်တွေရော သိန္နီရဲစခန်းမှာ ပို့ထားတယ်။ လွတ်သွားတဲ့ ၅ ယောက်ကိုလည်း ရအောင်ဖမ်းဖို့ ကြိုးစားနေတယ်။ စားသောက်ကုန်၊ တရားမဝင်ပစ္စည်းတွေနဲ့ ကုန်တင်ကားက ဖမ်းနေတာ ခုထိပဲ။ သစ်ကား ၃ စီးကတော့ သူတို့ မူဆယ်ဘက်ကို တက်တာ။ တရားမဝင် ကုန်တင်ကားကျတော့ မူဆယ်ကနေ မန္တလေးဘက်ကို ဆင်းတဲ့ကားတွေ”လို့ သူက ဆက်ပြောပါတယ်။ ရေပူဂိတ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး အခုချိန်ထိ ဖမ်းဆီးရမိတဲ့ တရားမဝင်ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း ၃ သောင်းနီးပါးရှိပြီလို့ သိရပါတယ်။ သတင်း- နိုင်နိုင်
4 years Ago
Up