ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၊

September 7, 2016

ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၊ ၁ ဦးသေဆုံး

ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ကျိန္တလီမြို့ ပုန်းညက် ကျေးရွာအနီး စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ကနေ မောင်းလာတဲ့ကားနဲ့ ဆိုင်ကယ်တစီး မျက်နှာချင်းဆိုင်တိုက်မိလို့ ဆိုင်ကယ်မောင်းလာသူ ၁ ဦး သေဆုံးခဲ့ပြီး  ၁ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။ မိုင်တိုင်အမှတ် ၃၁ ကြားနဲ့ ၃၂ အကြားမှာ တိုက်မိတာဖြစ်ပြီး ရန်ကုန်က ပစ္စည်းတွေ သယ်ဆောင်လာတဲ့ နစ်ဆန်းအဖြူရောင် အမျိုးအစား ခြောက်ဘီးကားနဲ့ သဲကုန်းဘက်က မောင်းလာတဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ကယ်စီးလာတဲ့ ၂ ဦးမှာ ရှေ့က ဆိုင်ကယ်မောင်းလာတဲ့သူကတော့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး အခြား ၁ ဦးကတော့ ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသမှုခံနေရတယ်လို့ ကျိန္တလီမြို့မရဲစခန်းက စခန်းမှူး ရဲအုပ်ကျော်လွင်ဦးက ဒီဗွီဘီကို ပြောပါတယ်။ “ရန်ကုန်ကလာတဲ့ ခြောက်ဘီးကုန်တင်ကားနဲ့ သဲကုန်းဘက်ကလာတဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်တာပါ။ သံတွဲ-ဂွ ကားလမ်း မိုင်တိုင်အမှတ် ၃၁ ကြားနဲ့ ၃၂ ကြားမှာ တိုက်မိတာပါ။ ဆိုင်ကယ်က ကားလမ်းကြောင်းအပေါ်ကို ဝင်သွားတဲ့သဘောရှိတယ်။ ဆိုင်ကယ်စီးလာတဲ့ နှစ်ယောက်မှာ ရှေ့က ဆိုင်ကယ်မောင်းသူကတော့ နေရာမှာ ပွဲချင်းပြီး ဆုံးသွားပါတယ်။ နောက်ကလူကတော့ ခေါင်းနည်းနည်းပေါက်ပြီးတော့ ညှပ်ရိုးနည်းနည်းကျိုးသွားတယ်။ အခု သူ့ကို ဆေးရုံပို့ထားပြီး အတွင်းလူနာအဖြစ် ဆေးကုသနေပါတယ်။” သေဆုံးသွားသူမှာ အုန်းနှဲကျေးရွာက ကိုကုလား ခေါ် ဦးသန်းရွှေ ဖြစ်ပြီး အပြင်းအထန် ဒဏ်ရာသူကတော့ ခုန်ကြီးကျေးရွာက ကိုဌေးဝင်း ဖြစ်တယ်လို့ ဆိုပါတယ်။ နစ်ဆန်းအဖြူရောင် အမျိုးအစား ခြောက်ဘီးကားမောင်းလာသူ ကိုကျော်ကျော်နိုင်ကို ပုဒ်မ ၃၀၄ (က) / ၃၃၇၊ ၃၃၈ နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်လို့ စခန်းမှူးက ပြောပါတယ်။ သတင်း-၀ဏ္ဏခွာညို
5 years Ago
Up