ကားနှင့်ဆိုင်ကယ်တိုက်ပြီး လဲကျသူကို ကယ်တင်ခဲ့သည့် ပင့်ကူလူသား

September 6, 2017

ကားနှင့်ဆိုင်ကယ်တိုက်ပြီး လဲကျသူကို ကယ်တင်ခဲ့သည့် ပင့်ကူလူသား (ရုပ်သံ)

ယာဉ်ကြောရှုပ်ထွေးတဲ့ လမ်းမတခုပေါ် ဆိုင်ကယ်လဲကျခဲ့သူကို စွန့်စားကယ်တင်ခဲ့တဲ့ ထိုင်းအမျိုးသားတဦးဟာ စူပါဟီးရိုး ပင့်ကူလူသားအဖြစ် အွန်လိုင်းပေါ် နာမည်ကြီးနေပါတယ်။ စွန့်စားကယ်တင်ခဲ့တဲ့ အဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကို ရဲတွေက စီစီတီဗွီ ကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တာဖြစ်ပြီး ပြန်လည်မျှဝေခဲ့ချိန်မှာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ် ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆိုင်ကယ်သမားဟာ ပစ်ကပ်ကားတစီးနဲ့ တိုက်မိခဲ့ပြီးနောက် လမ်းမပေါ်မှာ လဲကျနေခဲ့တာ ဖြစ်ပါတယ်။ ကားတွေဟာ လမ်းမပေါ် အဆက်မပြတ် သွားလာနေကြတာဖြစ်လို့ သူ့ကို နောက်ကားက သတိမပြုမိဘဲ ဖြတ်မတိုက်မိခင်လေးမှာ ရုတ်တရက် ပင့်ကူလူသားဝတ်စုံနဲ့ အမျိုးသားတဦးက ရောက်လာခဲ့ပြီး စွန့်စားကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအမျိုးသားဟာ လမ်းမပေါ်မှ ကားတွေကို ပန်းကုံးရောင်းပြီး အသက်မွေးဝမ်းကျောင်း ပြုသူတဦးဖြစ်ကာ သာရန်ခရိုင် လမ်း ၃ ခွဆုံမှာတော့ သူ့ကို မာ့ခ် (သို့) ဝါဆန်လို့ သိကြတာပါ။ သူဟာ အရင်တုန်းကတော့ နယ်လှည့်ဖျော်ဖြေရတဲ့ လီခေး (Likay) ထိုင်းရိုးရာကချေသည် တဦးအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ ဒါကိုစွန့်လွှတ်ခဲ့ကာ ပန်းကုံးရောင်းချတဲ့ အလုပ်ကို လုပ်ခဲ့တာလို့ ပြောပါတယ်။ သူ့မှာ ဝတ်စုံပုံစံအမျိုးမျိုးရှိနေပြီး တခါတရံ လီခေးရိုးရာဝတ်စုံ ဝတ်ဆင်သလို တခြားနေ့တွေမှာတော့ နာမည်ကြီး စူပါဟီးရိုးဇာတ်ကောင် ဝတ်စုံတွေကို ဝတ်ဆင်လေ့ရှိတယ်လို့ မန်နေဂျာအွန်လိုင်း သတင်းကို ပြောခဲ့တာပါ။ လက်ရှိမှာတော့ အင်တာနက်အသုံးပြုသူတွေက သူ့ရဲ့ ဟီးရိုးဆန်ဆန် ကယ်တင်ခဲ့မှုအပေါ် ချီးကျူးနေခဲ့ကြတာ ဖြစ်ပါတယ်။ ဆိုင်ကယ်လဲကျခဲ့သူရဲ့ အခြေအနေ အသေးစိတ်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။
4 years Ago
Up