ကားမှောက်

June 6, 2019

တက္ကဆက်တွင် ရဲလက်မှထွက်ပြေးသည့်ကား မြောင်းထဲထိုးကျ၊ ရွှေ့ပြောင်း ၆ ဦးသေဆုံး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ဇွန်လ ၅ ရက်နေ့က ရဲကားလက်က လွတ်အောင် ထွက်ပြေးရင်း ကားတစီး လမ်းဘေးမြောင်းထဲ ထိုးကျပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီ ထွက်ပြေးလာတဲ့ SUV ကားပေါ်မှာ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ အယ်လ်ဆာဗေဒိုနဲ့ မက္ကဆီကိုနိုင်ငံတွေက အထောက်အထားမဲ့ ရွှေ့ပြောင်းလာသူ ဒါဇင်နဲ့ချီပါလာပြီး ၅ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ ရဲက ဆိုပါတယ်။ အဲဒီကားဟာ ဇွန်လ ၄ ရက်နေ့ ညက ကောပတ်စ် ခရစ္စတီမြို့အနောက်ဘက် မိုင် ၂၀ အကွာ မီးပွိုင့်ကို ဖြတ်မောင်းတဲ့ကားနဲ့ တစီးတည်းလို့ ယုံကြည်ရတယ်ဆိုပြီး ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ SUV ကားဟာ ကားလမ်းမပေါ်ကနေ ဝါခင်းထဲ မောင်းပြေးပြီးနောက် ရဲက လိုက်ဖမ်းတာကို ရပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အနီးဝန်းကျင် ဖြတ်သွားဖြတ်လာတွေက ဒဏ်ရာရသူတွေ လမ်းပေါ်လျှောက်သွားနေတယ်ဆိုပြီး ရဲကို အကြောင်းကြားမှ မြောင်းထဲ ကားထိုးကျပြီး ပျက်စီးသွားခဲ့တာကို ရဲက သိခဲ့ပါတယ်။ ကားမောင်သူ ထွက်ပြေးသွားတယ်လို့ ရဲက ယုံကြည်ပြီး သေဆုံးသူအားလုံးဟာ အယ်လ်ဆာဗေဒိုနိုင်ငံသားတွေ ဖြစ်တယ်လို့ ဒေသမီဒီယာက ဖော်ပြပါတယ်။
2 years Ago

March 18, 2019

လေ့လာရေးသွားသည့် ထိုင်းကျောင်းကားတစီး တိမ်းမှောက်၊ ကျောင်းသူ ၁ ဦးသေဆုံး

ထိုင်းနိုင်ငံအရှေ့ပိုင်း ပရကျင်းပူရီခရိုင်ထဲမှာ ဒီနေ့မနက် စောစောက နွေကျောင်းပိတ်ရက် လေ့လာရေးခရီးသွား ကျောင်းကားတစီး တိမ်းမှောက်ပြီး အထက်တန်းကျောင်းသူတဦး ပွဲချင်းပြီးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရသွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဒီနေ့မနက် ၆ နာရီလောက်က ပရကျင်းပူရီခရိုင် နားထီးမြို့နယ် ဝပ်ထပ်လန်း ဘုန်းကြီးကျောင်းရှေ့ လမ်းအကွေ့ပေါ်မှာ ခရီးသည်တင် နှစ်ထပ်ကားတစီး တိမ်းမှောက်ကြောင်း သတင်းရတဲ့အတွက် လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ မြို့နယ် အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းက သတင်းထောက်တွေကို ပြောပါတယ်။ အဲဒီနှစ်ထပ်ယာဉ်ဟာ ကားလမ်းဘေးကို ထိုးကျသွားတာဖြစ်ပြီး သေဆုံးသူတဦး၊ ဒဏ်ရာရသူ ၁၉ ဦးရှိကြောင်း၊ သူတို့ကို နားဒီးနဲ့ ကဘင်ပူရီ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ကားပေါ်ပါလာတဲ့သူတွေ ပြောပြချက်အရ သူတို့ဟာ နောင်ဘိုလမ်းဖူးမြို့ ဘန့်ခုတ်နမ့်ကိန်း အထက်တန်းကျောင်းက ဆရာနဲ့ ကျောင်းသူကျောင်းသားတွေဖြစ်ပြီး နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကျန်ထပူရီခရိုင်ဘက်ကို လေ့လာရေးခရီး ထွက်လာတာဖြစ်ကြောင်း၊ ကားပေါ်မှာ ဆရာရော၊ ကျောင်းသားပါ စုစုပေါင်း ၄၀ ဦး လိုက်ပါလာကြပြီး အခင်းဖြစ်တဲ့နေရာ အကွေ့နားအရောက် ရှေ့က ၆ ဘီးကားကြီး ကုန်းပေါ်တက်လာကြောင်း၊ သူတို့ကားက ၆ ဘီးကားကို ရှောင်တိမ်းပေမယ့် ကားနောက်ပိုင်းက ၆ ဘီးကားခေါင်းနဲ့ ပွတ်တိုက်မိပြီး လမ်းဘေးကို တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။ ခရီးသည်တင် နှစ်ထပ်ကားဟာ လမ်းဘေး အနက်သုံးမီတာရှိ ချောက်ထဲကျသွားတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက ကရိန်းတွေသုံးပြီး ခဲရာခဲဆစ် ဆွဲတင်နေကြတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
3 years Ago
More News
Up