ကားမောင်းနေစဉ် ဗွီဒီယိုရိုက်ကူးခဲ့သည့် အမျိုးသား ၂ ဦး ကားချင်းတိုက်မိပြီး သေဆုံး

October 12, 2017

ကားမောင်းနေစဉ် ဗွီဒီယိုရိုက်ကူးခဲ့သည့် အမျိုးသား ၂ ဦး ကားချင်းတိုက်မိပြီး သေဆုံး (ရုပ်သံ)

ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အမျိုးသား ၂ ဦး ကားမောင်းရင်း မိုဘိုင်းဖုန်းနဲ့ ဗွီဒီယိုရိုက်ကူးစဉ် နောက်ကားတစီးနဲ့ တိုက်မိပြီး သေဆုံးသွားပါတယ်။ အဲဒီအမျိုးသား ၂ ဦးဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ အယ်လ်ရေးနဲ့ အယ်လ်ဘစ်စ်ဟက် မြို့ ၂ မြို့ကို ဆက်သွယ်ထားတဲ့ အဓိက အဝေးပြေးကားလမ်းမကြီးပေါ်မှာ ကားမောင်းနေတုန်း ယာဉ်တိုက်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။ ရုပ်သံထဲမှာ ကားမောင်းသူက ဂီတသံ ကျယ်ကျယ်လောင်လောင်နဲ့ သီချင်းဆိုပြီး ရယ်မောနေကာ သူငယ်ချင်းဖြစ်သူနဲ့ ဗွီဒီယိုရိုက်နေရင်း ကားမောင်းနေတာ မြင်ရပါတယ်။ ဒါပေမယ့် ရုတ်တရက် ကင်မရာ အပြင်းအထန်လှုပ်သွားပြီး ရုပ်သံမပြတ်တောက်သွားခင် အမျိုးသားတွေရဲ့ အော်ဟစ်သံကို ကြားရပါတယ်။ အဲဒီရုပ်သံကို အယ်လ်အာရေးဘီးယား သတင်းဌာနမှ ထုတ်လွှင့်ခဲ့ပြီး သဲကန္ထာရထဲမှာ ကား ၂ စီး မီးလောင်ကျွမ်း ပျက်စီးသွားတာ တွေ့ရပါတယ်။ ကားတိုက်မှုအတွင်း ဘေးက စီးနင်းလိုက်ပါလာသူ ချက်ချင်း သေဆုံးသွားပြီး ကားမောင်းလာသူကိုတော့ ထိခိုက်ဒဏ်ရာတွေနဲ့ ဆေးရုံတင်လိုက်ပေမယ့် နောက်ပိုင်း သေဆုံးသွားတယ်လို့ သိရပါတယ်။ ကားမောင်းသူဟာ အနီးအနားက အလယ်တန်းကျောင်းမှာ အလုပ်ရပြီး သူအလုပ်သွားတဲ့ ပထမဆုံးနေ့မှာပဲ ဒီလိုဖြစ်ခဲ့တာလို့ သေဆုံးသူရဲ့ သူငယ်ချင်းတွေအပြောကို ကိုးကားပြီး ဒေသခံသတင်းတွေက ထုတ်ပြန်ထားပါတယ်။ သူတို့နဲ့ တိုက်မိခဲ့တဲ့ တဖက်ကားပေါ်မှာ ပါလာသူတွေ ဘယ်လိုဖြစ်သွားသလဲဆိုတာတော့ သတင်းထဲမှာ ဖော်ပြထားခြင်းမရှိပါဘူး။ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ ယာဉ်သွားလာရေး အထွေထွေအုပ်ချုပ်ရေးမှူးက တိုင်းပြည်အတွင်း လမ်းမထက် မတော်တဆဖြစ်မှု ၇၉ ရာခိုင်နှုန်းဟာ မိုဘိုင်းဖုန်းတွေ သုံးတာကြောင့်လို့ ပြောလိုက်ကြောင်း မေရာသတင်းမှာ အောက်တိုဘာ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up