ကားဟွန်း ဆူညံသံများ

February 9, 2020

ကားဟွန်း ဆူညံသံများ လျှော့ချရေး စီမံကိန်း အိန္ဒိယ စမ်းသပ်

အိန္ဒိယနိုင်ငံအတွင်း ကားဟွန်း ဆူညံသံတွေ လျှော့ချရေးအတွက် တီထွင်ထားတဲ့ စီမံကိန်းကို ရဲတွေက မွန်ဘိုင်းမြို့မှာ စမ်းသပ်နေပါတယ်။  ကားတွေက ဟွန်းကို အသံကျယ်ကျယ်တီးပါက မီးပွိုင့်မှာ မီးဆက်ပြီး နီထားပြီး ပိုကြာကြာစောင့်ခိုင်းတဲ့ နည်းလမ်းပါ။ မွမ်ဘိုင်းမြို့က ရဲတွေဟာ အသံတိုင်းမီတာတွေကို မနှစ်က နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ မီးပွိုင့်ထိပ်တွေမှာ တပ်ဆင် စမ်းသပ်ခဲ့ကြပါတယ်။ တကယ်လို့ အသံဟာ ၈၅ ဒက်စီဘယ်လ်ထက် ပိုပြီးကျယ်ခဲ့ရင် မီးပွိုင့်စနစ်ကို ပြင်ပြီး အချိန်ပိုကြာကြာ မီးနီနေအောင် လုပ်ထားခဲ့တာပါ။ တခြား အိန္ဒိယမြို့အတော်များများမှာလည်း ဒီလို မီးပွိုင့်တွေကို တပ်ဆင်ခဲ့ကြပါတယ်။ ဒီလို စမ်းသပ်မှုတွေကို အရေးကြီးတဲ့ လမ်းဆုံတချို့မှာ တရက်ကို ၁၅ မိနစ် စမ်းသပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ ပရာနေ အာ့ရှုခ်က ပြောပါတယ်။ နောက်ထပ် စမ်းသပ်တဲ့အနေနဲ့ နေရာ ဆယ်ခုမှာ နောက်လမှာ ဆက်လုပ်ဦးမယ်လို့ ပြောပါတယ်။ ဒီအတွေးအခေါ်ဟာ ယာဉ်ကြောစီမံရေးစနစ်တခုလုံးမှာ ဆက်ပြီး ကျင့်သုံးနိုင်ဖို့ ယာဉ်ထိန်းရဲတွေက မျှော်လင့်ထားပါတယ်။ ဇန်နဝါရီ လကုန်ပိုင်းက မွမ်ဘိုင်းရဲတွေဟာ ဒီကိစ္စကို ရိုက်ကူးထားတဲ့ ရုပ်သံကို တွစ်တာ လူမှုကွန်ရက်မှာ တင်ပြီး ဆူညံသံရဲ့ ဆိုးကျိုးကို ပြနေတာလို့ ရေးသားခဲ့ပါတယ်။ အဲဒီလို ရေးပြီးနောက်ပိုင်း လူ ၃ သန်းက ဒီရုပ်သံကို ကြည့်ခဲ့ကြတယ်လို့ ရဲပြောခွင့်ရက ပြောပါတယ်။ ဆူညံသံနဲ့ ပတ်သက်ပြီး တခုခု လုပ်ချင်နေခဲ့တယ်လို့ အရင်က ရေးခဲ့ပြီးတဲ့နောက် ရဲတွေဟာ မွန်ဘိုင်းမြို့ကို ကမ္ဘာ့ဟွန်းသံမြို့တော်လို့ ရည်ညွှန်းခဲ့တာပါ။ ဟွန်းတီးရင် မီးနီကို ပိုကြာကြာထားတာကို ရိုက်ကူးထားတဲ့ ရုပ်သံအတွက် ခေါင်းစဉ်အနေနဲ့ အပြစ်ပေးတဲ့လက္ခဏာလို့ ရဲတွေက ရေးခဲ့ပါတယ်။ စောင့်ရတာ ကိစ္စမရှိဘူးဆိုရင် ဟွန်းတီးဖို့ စိတ်အေးအေးထားပါလို့ ရေးရင်း ယာဉ်မောင်းသူတွေကို ရဲတွေက သတိပေးခဲ့ပါတယ်။ The TomTom Traffic Index လို့ ခေါ်တဲ့ ယာဉ်ကြောပိတ်ဆို့မှု ညွှန်းကိန်းအရ မြို့တွေကို အစဉ်လိုက် သတ်မှတ်ရာမှာ မွမ်ဘိုင်းဟာ ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့စတုတ္ထ ယာဉ်ကြောအပိတ်ဆုံးမြို့အဖြစ် သတ်မှတ်ခံထားရပါတယ်။ ညွှန်းကိန်းအရ မွမ်ဘိုင်းမြို့က ကားမောင်းသူတွေဟာ ယာဉ်ကြောထဲမှာ တနှစ်ကို ၈ ရက် ၁၇ နာရီ အချိန်ပိုကုန်ဆုံးနေတယ်လို့ ခန့်မှန်းထားပါတယ်။
1 year Ago
Up