ကားသမား ၁ ဦး သေဆုံး

September 10, 2021

စစ်တပ်ရိက္ခာတင်ချောကား ဗုံးခွဲခံရပြီး ကားသမား ၁ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်တောင်းနဲ့ ကြူကုတ် (ပန်ဆိုင်း) ကြား လုံခန်ရွာအနီး အကွေ့မှာ စက်တင်ဘာ ၁၀ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က  စစ်ကောင်စီတပ်အတွက် ရိက္ခာတင်လာတဲ့  ချောဆွဲခံရတဲ့ ကားတစ်စီးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ အရပ်သားကားသမားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက "နမ့်တောင်းအဝင် လွယ်ဝိန်း၊ လုံခန် - လွယ်ဝိန်း အောက်က အကွေ့မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်လာတဲ့ တုံဖုန်းကားကို လက်နက်ကိုင်တွေက နေ့ခင်း ၁ နာရီ ကျော်လောက်မှာ လာဖောက်ခွဲပစ်လိုက်တာ ကားသမားတော့ အဲမှာပဲ သေသွားပြီး။”လို့ ပြောပါတယ်။

အဲဒီ လမ်းကနေ ဖြတ်လာတဲ့ မျက်မြင်တစ်ဦးကလည်း “ဆန်တင်တဲ့ တရုတ် တုံဖုန်းကားအသေးပါ။ ကားမောင်းတဲ့သူလည်း အဲကားထဲမှာ သေဆုံးနေတယ်။ စစ်ကားတော့ မဟုတ်ဘူး။ ကားတော့ လဲသွားတာ။ ဆန်တင်ထားတာ မြင်တယ်။" လို့ ပြောပါတယ်။

အဆိုပါဒေသမှာ စစ်ရေးအခြေအနေတင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ သေဆုံးသွားတဲ့ ကားသမားရဲ့ အလောင်းကိုသွားမကောက်ရဲပဲ  ညနေ ၆ နာရီ ထိုးခါနီးအထိ အလောင်းက ဒီအတိုင်းပဲရှိနေသေးတယ်သိရပါတယ်။

နမ့်တောင်းရွာခံအမျိုးသားတစ်ဦးက  “ကားတော့ ခုနက မီးလောင်နေတယ်။ ကားသမားကတော့ သေဆုံးနေတယ်။ အခုထိ ဘယ်သူမှ အလောင်းလာမကောက်သေးဘူး။ ရှိနေသေးတယ်။ ကားသမားက ဘယ်သူဆိုတာ မသိသေးဘူး။ အင်္ကျီအနီဝတ်ထားတာ။ TNLA ကလည်း အဲနားမှာ ရှိနေသေးတော့ ဘယ်သူမှ အဲနားမသွားရဲကြဘူး။ အဲလိုဆိုတော့ တပ်ဖွဲ့ကပဲ လာမကောက်ရင် ကျနော်တို့ အရပ်သားပြည်သူတွေလည်း ဘယ်သူမှ သွားမကောက်ရဲဘူး။” လို့ပြောပါတယ်။ 

ဒီရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲတဲ့နေရာ အနီးအနားတဝိုက်မှာ စစ်ကောင်စီတပ်တွေရော၊ MNDAA ၊ TNLA နဲ့ AA တပ်တွေ လှုပ်ရှားသွားလာနေတာတွေ့နေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ နမ့်တောင်းအကျော် ကြူကုတ် (ပန်ဆိုင်း) သွားတဲ့ အေးရှားဝေါလ်ဂိတ် အဟောင်းမှာ MNDAA ကိုးကန့်တပ်ဖွဲ့ကလည်း  ဖြတ်သွား၊ ဖြတ်လာ လူတွေကို စစ်ဆေးနေပါတယ်။

အဲဒီမန်ခုံလုံရွာမှာ စစ်ကောင်စီတပ်တွေ ပုန်းခိုးနေကြပြီး  MNDAA တပ်ဖွဲ့တွေနဲ့ အရမ်း နီးကပ်နေပြီဖြစ်တာကြောင့် တိုက်ပွဲဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

“လက်နက်ကြီးက နှစ်ခါ အသံကြားတယ်။ လက်နက်ငယ်လည်း နှစ်ချက်၊ သုံးချက် ကြားပြီး ငြိမ်သွားပြီ။ သေနတ်သံကြားတော့ ရွာကလူတွေလည်း ထွက်ပြီး သွားမကြည့်ရဲဘူး။ ဒီကြားထဲမှာ ဒီရွာနားတဝိုက် TNLA နဲ့ MNDAA တို့ ရောပြီး သွားလာနေတာတွေ့ရတယ်။ တပ်ပေါင်းစု ပေါ့။” လို့ နမ့်တောင်း ရွာခံ တစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ဇယ်လန့်ကျေးရွာအုပ်စုရှိ စစ်ကောင်စီလက်အောက်ခံ ဆိုင်ကျော့ ရှမ်းပြည်သူ့စစ်စခန်းတစ်ခု  စက်တင်ဘာ ၉ ရက်က မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) နဲ့ မုံးကိုးမြို့နယ် အတွင်း ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကစ စက်တင်ဘာလဆန်းပိုင်းအထိ စစ်ကောင်စီတပ်တွေနဲ့ MNDAA တို့အကြား တိုက်ပွဲ မကြာခဏ ပြင်းထန်ခဲ့ပြီးလက်ရှိမှာလည်း စစ်ရေးအခြေအနေ တင်းမာနေပါတယ်။

တိုက်ပွဲကြောင့် မုံးကိုး၊ ဖောင်းဆိုင်နဲ့ ကြူကုန် (ပန်ဆိုင်း) တွေမှာ စစ်ဘေးဒုက္ခသည် ၂၂၀၀ ကျော် ရှိနေပြီး စာဝတ်နေရေးနဲ့ ဆေးဝါးအခက်အခဲအပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှာ စိုးရိမ်နေကြရ ပါတယ်။

2 years Ago
Up