ကားလို့စ်အန်ဆယ်လော့တီ

January 4, 2020

နည်းပြရာထူးအတွက် လီဗာပူးအသင်းပိုင်ရှင်နှင့်ဆွေးနွေးဖူးဟု အန်ဆယ်လော့တီပြေ

ပြီးခဲ့တဲ့လေးနှစ်ခွဲအချိန်က လီဗာပူးနည်းပြရာထူးအတွက် အသင်းပိုင်ရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ဖူးတယ်လို့ အဲဗာတန်အသင်းနည်းပြ ကားလို့စ်အန်ဆယ်လော့တီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။  သူ့ရဲ့ အဲဗာတန်အသင်းနည်းပြဘဝ မြို့ခံပြိုင်ဘက် လီဗာပူးလ်အသင်းနဲ့ ပထမဆုံး တွေ့ဆုံ မယ့်ပွဲမတိုင်ခင် ဒီလိုပြောဆိုခဲ့တာဖြစ်ပြီး လီဗာပူးပိုင်ရှင်တွေအနေနဲ့ ကလော့ကိုခန့်အပ်ခဲ့တာက မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်တယ်လို့ သူကပြောပါတယ်။  “ကျနော်မက်ဒရစ်ကနေ ထွက်လာပြီးတဲ့အချိန်မှာ လီဗာပူးပိုင်ရှင်တွေနဲ့ အင်တာဗျူးတခု လုပ်ခဲ့ပါတယ်။ သူတို့ဟာ အဲ့ဒီအချိန်တုန်းက ရော်ဂျာနေရာမှာ အစားထိုးဖို့ နည်းပြတဦးကို  ရှာဖွေနေခဲ့ပြီး ကလော့ကို ခန့်အပ်ခဲ့တာက မှန်ကန်တဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်” လို့ အက်ဖ်အေဖလား တတိယအဆင့်အတွက် သတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီကပြောပါတယ်။ လီဗာပူးနည်းပြရာထူးကို မရရှိခဲ့လို့ နောင်တရခဲ့ခြင်း မရှိပေမယ့် သူ့ကိုအင်တာမဗျူး ခင်အချိန်ကတည်းက အသင်းပိုင်ရှင်တွေဟာ ကလော့ကိုခေါ်ယူဖို့ စီစဉ်ခဲ့ပြီးသားဖြစ်ပုံရတယ်လို့ လည်း  သူကပြောပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက မြို့ခံပြိုင်ဘက်အပေါ် ချီးကျူးခဲ့ပြီး လိုင်ဗာငှက်တွေဟာ အခုချိန်မှာ အကောင်းဆုံးပုံစံ၊ အကောင်းဆုံးအနေအထားမှာ ရှိနေတယ်လို့ လည်း ပြောပါတယ်။  အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းဟာ လီဗာပူးအသင်းရဲ့ အန်ဖီးလ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီကွင်းမှာ အဲဗာတန်တို့ အနိုင်မရခဲ့တာ ၁၉၉၉ ခုနှစ်ကတည်းကပါ။  ဒါပေမယ့် အန်ဆယ်လော့တီက ဒီကွင်းမှာအနိုင်ရအောင်   ကြိုးစားသွားမယ်လို့ ကတိပေးခဲ့ ပြီး “အဲဗာတန်ပရိသတ်တွေ အန်ဖီးလ်ကွင်းမှာ ဘယ်လောက်အနိုင်ရချင်နေမလဲဆိုတာ ကျနော် သဘောပေါက်ပါတယ်။ ဒါဟာကျနော်တို့ရဲ့ တူညီတဲ့အိမ်မက်ဖြစ်ပြီး ဒီအိမ်မက်ကို အကောင် အထည်ဖော်ဖို့ အခွင့်အရေးရှိနေပါတယ်။ မြို့တမြို့ထဲမှာ အသင်း  နှစ်သင်းရှိနေတယ်ဆိုရင် သူတို့ အချင်းချင်းကြားမှာ ကြီးမားတဲ့ ပြိုင်ဆိုင်မှုများရှိတတ်ကြပါတယ်။ ဒါကို အီတလီမြေမှာကတည်းက သိရှိခဲ့ပြီးဖြစ်ပါတယ်” လို့ အေစီမီလန်နဲ့နာပိုလီနည်းပြဟောင်းက ပြောပါတယ်။ အန်ဆယ်လော့တီဟာ အခုရာသီမှာ ကလော့ရဲ့လီဗာပူးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ တဦး တည်းသော နည်းပြဖြစ်ပြီးတော့ နာပိုလီအသင်းနဲ့အတူ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ နှစ်ဂိုး ဂိုးမရှိနဲ့  အနိုင်ရရှိခဲ့ပါတယ်။ 
2 years Ago

December 12, 2019

နာပိုလီအသင်း ဂျန့်ကိုနိုင်ပြီး နာရီပိုင်းအကြာ အန်ဆယ်လော့တီကို ရာထူးမှထုတ်ပယ်

အသင်းကို ချန်ပီယံလိဂ် ၁၆ အသင်းအဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့အပြီး နာရီပိုင်းအကြာမှာပဲ နာပိုလီ နည်းပြ ကားလို့စ်အန်ဆယ်လော့တီဟာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။  ဂျန့်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ နာပိုလီအသင်းဟာ ၄ ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ နောက်တဆင့်ကို တက်ရောက်သွားခဲ့တာပါ။ ဒါပေမယ့် ဒီပွဲမတိုင်ခင် ပြိုင်ပွဲစုံ ကိုးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။  နာမည်ကျော် ဝါရင့်နည်းပြကြီး အန်ဆယ်လော့တီဟာ နာပိုလီအသင်းကို ပြီးခဲ့တဲ့နှစ်က စတင်တာဝန်ယူခဲ့တာဖြစ်ပြီး အခုရာသီမှာ သူ့အသင်းဟာ ရလဒ်တွေဆိုးရွားနေကာ စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာကို ရောက်ရှိနေပါတယ်။  အသင်းရလဒ်တွေအပြင် မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ သူနဲ့ နာပိုလီ အသင်းပိုင်ရှင်တို့အကြားက ပြဿနာဟာလည်း သူ့ကိုရာထူးကနေ ထုတ်ပယ်ဖို့ တွန်း  အားဖြစ်စေတယ်လို့ သတင်းတွေမှာ ရေးသားဖော်ပြနေကြပါတယ်။  ပြီးခဲ့တဲ့လမှာ နာပိုလီအသင်းဥက္ကဌဒီလော်ရန်းတစ်က အသင်းသားတွေကို တပတ်ကြာ ကန့်ဝင်လေ့ကျင့်ရေးဆင်းဖို့ ညွှန်ကြားခဲ့ပေမယ့် အန်ဆယ်လော့တီနဲ့ နာပိုလီအသင်းသားတွေက ဒီညွှန်ကြားချက်ကို မလိုက်နာခဲ့တာကြောင့် စာမျက်နှာတွေထက်မှာ ဟိုးလေးတကျော်ကျော် ဖြစ်ပွားခဲ့ရတာပါ။ အန်ဆယ်လော့တီဟာ ၂၀၀၉-၂၀၁၀ ရာသီမှာ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားတို့ကို ရယူပေးနိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပုံမှန်နည်းပြလက်မဲ့ဖြစ်နေတဲ့ အာဆင်နယ်နဲ့ အဲဗာတန်တို့က  သူ့ကိုချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။  အန်ဆယ်လော့တီဟာ နည်းပြဘဝမှာ  ခမ်းနားတဲ့ အောင်မြင် မှုမှတ်တမ်းကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ ဥရောပဖလားတွေကို သုံးနှစ်ဆက်တိုက်ရယူနိုင်ခဲ့တဲ့  နည်း ပြသုံးဦးထဲမှာ တဦးအပါအဝင်ဖြစ်ပါတယ်။  သူဟာ အေစီမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား နှစ်လုံး ရရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၁ လုံး ရရှိခဲ့ပါတယ်။ ဒါ့အပြင် မီလန်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့အတူ ပြည်တွင်းဖလားတွေကိုလည်း ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။  သူ့ကိုရာထူးကနေ ထုတ်ပယ်ခဲ့တာကြောင့် နည်းပြလက်မဲ့ဖြစ်နေတဲ့ နာပိုလီအသင်းဟာ အေစီမီလန် နည်းပြဟောင်း ဂတ်တူဆိုကို ချိတ်ဆက်နေတယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြပါတယ်။ 
2 years Ago
Up