ကားဘီးကျွတ်ကာ

August 27, 2017

ကားဘီးကျွတ်ကာ ဆိုင်ကယ်အား ၀င်တိုက်မိ၍ တပ်မတော်အရာရှိ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ မိတ္ထီလာမြို့ရှောင်လမ်း ကုန်းတောင်းရွာအနီး သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က ၁၂ ဘီးကား နောက်ဘီး ကျွတ်ကာ ဆိုင်ကယ်ကို ဝင်တိုက်မိလို့ တပ်မတော်အရာရှိ ၂ ဦးလုံး ပေါင်ကျိုးသွားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ မိတ္ထီလာဘက်ကို မြို့ရှောင်လမ်းအတိုင်း ပခုက္ကူမြို့ ဂဝံရွာနေ ရဲမင်းပိုင် မောင်း လာတဲ့ ၁၂ ဘီးကား နောက်ဘီးကျွတ်ထွက်ပြီး ကျွတ်ထွက်လာတဲ့ကားဘီးက ကားနောက် ခပ်လှမ်းလှမ်းက လားရာတူ စီးလာတဲ့ FZ ဆိုင်ကယ်ကို ဝင်တိုက်လို့ ဆိုင်ကယ်မောင်းလာတဲ့ မိတ္ထီလာမြို့ ခမရ-၄၁၇တပ်မှ ဗိုလ်အောင်အောင်ဦးနဲ့ နောက်ခုံစီးလာသူ ဗိုလ်ကြီးဖြိုးပြည့်အောင် တို့  ၂ ဦးလုံး ပေါင်ကျိုးသွားတယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။ ဒုရဲအုပ်မောင်မောင်ဝင်းက “ကျွတ်လာတဲ့ ဘီးရဲ့အရှိန် ဆိုင်ကယ်အရှိန် ၂ ခုပေါင်းပြီး လူကိုထိတာဆိုတော့ အရှိန်ပြင်းတာပေါ့၊ ဗိုလ်အောင်အောင်ဦး ဝဲဘက်ပေါင်ကျိုးတယ်၊ ဗိုလ်ကြီးဖြိုးပြည့်အောင်လည်း ဝဲဘက်ပေါင်ကျိုးတယ်၊ ညာခြေမ ပေါက်ပြဲသွားတယ်၊ မိတ္ထီလာ အမှတ်(၁)ကုတင်၅၀၀ တပ်မတော်ဆေးရုံ ပို့ပေးရတယ်” လို့ ပြောပါတယ်။ သာစည်မြို့မရဲစခန်းက ယာဉ်မောင်း ရဲမင်းပိုင် ကို ကားဘီးနတ်တွေ ကျွတ်အောင် မဆင်မခြင် မောင်းနှင်လို့ သာမာန်ဒဏ်ရာရမှု/ပြင်းထန် ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
Up