ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ နိုဝင်ဘာလ ၉ ရက်နေ့က အသေခံ ကားဗုံးခွဲခဲ့တာကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အသေခံဗုံးခွဲသမားတွေဟာ ရာဇဝတ်စုံစမ်းရေးဌာနချုပ် အနီးရှိ ဟိုတယ်တခုမှာ ကားဗုံး နှစ်လုံးခွဲခဲ့တာဖြစ်ပါတယ်။
ဗုံးကွဲမှုဖြစ်ပြီးနောက်မှာ ဆာဟာဖီ ဟိုတယ်လုံခြုံရေးတွေနဲ့ CID ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီနောက် မိနစ် ၂ဝ လောက်အကြာ လူသွားလူလာများတဲ့ လမ်းပေါ်မှာ တတိယမြောက်ဗုံး ပေါက်ကွဲခဲ့တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာမှာ အရပ်သား ရုပ်အလောင်း ၂ဝ လောက်၊ ဘတ်စ်ကား၊ ကိုယ်ပိုင်ကားနဲ့ ဆိုင်ကယ်တွေ အများအပြား မီးလောင် ကျွမ်းနေတာကို မြင်တွေ့ခဲ့တယ်လို့ ရိုက်တာဓာတ်ပုံသတင်းထောက်က ပြောပါတယ်။
ကားဗုံးခွဲသူတွေဟာ CID ရုံး မျက်နှာချင်းဆိုင်ရှိ ဆာဟာဖီဟိုတယ်ကို ပစ်မှတ်ထားခဲ့တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်း လုပ်ဆောင်တယ်ဆိုတာ ချက်ချင်းပြောကြားခြင်း မရှိပါဘူး။
ဒါပေမယ့် အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့ အယ်ရှာဘတ်စစ်သွေးကြွတွေဟာ မြို့တော် မိုဂါဒစ်ရှူးမှာ တိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။
4 years Ago