ကားဗုံးခွဲခံရပြီး သေဆုံး

February 5, 2017

ယူကရိန်း သူပုန်ခေါင်းဆောင် ကားဗုံးခွဲခံရပြီး သေဆုံး

စစ်ရေးတင်းမာမှုတွေ ပြန်ဖြစ်လာတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ စနေနေ့က သူပုန်ခေါင်းဆောင်တဦး ကားဗုံးပေါက်ကွဲမှုနဲ့ သေဆုံးတယ်လို့ ယူကရိန်းသူပုန်တပ်ဖွဲ့က ပြောဆိုပါတယ်။ သေဆုံးသွားသူဟာ ခွဲထွက်ရေး ကြေညာထားတဲ့ ယူကရိန်းအရှေ့ပိုင်း၊ လူးဟန့်စ်ပြည်နယ် ကာကွယ်ရေးဝန်ကြီးဖြစ်ပြီး သူပုန်တွေကတော့ ယူကရိန်းအစိုးရရဲ့ အကြမ်းဖက်လုပ်ရပ်လို့ စွပ်စွဲထားပါတယ်။ ယူကရိန်းအစိုးရကတော့ သူပုန်ခေါင်းဆောင်သေဆုံးမှုဟာ သူတို့နဲ့ မပတ်သက်ဘူးလို့ ငြင်းဆန်ပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ ၂၀၁၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေးစတင်ခဲ့တဲ့ပြီးနောက်ပိုင်း ယူကရိန်းစစ်တပ်နဲ့ ရုရှားထောက်ခံတဲ့ခွဲထွက်ရေးသူပုန်တပ်ဖွဲ့တွေကြား အပြင်းထန်ဆုံးတိုက်ပွဲတွေ ပြီးခဲ့တဲ့တပတ်ကစပြီး ပြန်လည်ဖြစ်ပွားလာတာပါ။ ဒီအရေးကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ စနေနေ့က ဖုန်းဆက်ဆွေးနွေးခဲ့တယ်လို့ ယူကရိန်းသမ္မတကပြောဆိုပြီး ဒီအခြေအနေကို သမ္မတ ၂ ယောက်လုံးက အထူးစိုးရိမ်ပူပန်ကြတယ်လို့ ယူကရိန်းသမ္မတပြောခွင့်ရကပြောဆိုပါတယ်။ အခုလို စစ်ရေးတင်းမာမှုတွေ ပြန်ဖြစ်ပွားလာတဲ့အတွက် လူသားချင်းကူညီထောက်ပံ့ရေး လုပ်ငန်းတွေလည်း အခက်အခဲဖြစ်လာပြီး အပစ်အခတ်ရပ်စဲရေး ပြန်အသက်ဝင်လာဖို့ အထူးလိုအပ်တယ်ဆိုတာကိုလည်း ခေါင်းဆောင် ၂ ဦးလုံးက အလေးထား ဆွေးနွေးခဲ့ကြတယ်လို့လည်း ယူကရိန်းသမ္မတပြောခွင့်ရက ပြောဆိုပါတယ်။
4 years Ago
Up