ကားဗုံးခွဲ

March 1, 2019

ဆိုမာလီယာတွင် အသေခံကားဗုံးကွဲ၊ ၁၀ ဦး သေဆုံး

ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးက ဟိုတယ်တခုမှာ အသေခံကားဗုံး ပေါက်ကွဲမှုကြောင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က လူ ၁၀ ဦးထက်မနည်းသေဆုံးပြီး အနီးမှာရှိတဲ့ အဆောက်အအုံတွေလည်း ပျက်စီးခဲ့ပါတယ်။ အဲဒီဗုံးပေါက်ကွဲမှုက မိမိတို့လက်ချက်ဖြစ်တယ်လို့ အယ်လ်ရှာဘတ် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့က တရားဝင် ကြေညာခဲ့ပါတယ်။ ဒါဟာ လူစည်ကားရာ မိုဂါဒစ်ရှူးမြို့မှာ ဖြစ်ပွားတဲ့ အကြီးမားဆုံး ပေါက်ကွဲမှုတခုပါပဲ။ ဟိုတယ်တွေ၊ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ စည်ကားတဲ့ မာကာ အယ်လ် မူကာရမ်လမ်းမှာ ပေါက်ကွဲခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီလို အသေခံ ကားဗုံးခွဲတာကြောင့် လမ်းထဲမှာရှိတဲ့ မော်တော်ယာဉ်တွေလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ ဥပဒေမဲ့ ရမ်းကားမှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ၁၉၉၁ ခုနှစ်ကတည်းက ဆိုမာလီယာနိုင်ငံဟာ မတည်ငြိမ်ခဲ့ပါဘူး။ အယ်လ်ရှာဘတ်အဖွဲ့ဟာ အနောက်အင်အားစု ကျောထောက်နောက်ခံပြုတဲ့ ဆိုမာလီယာအစိုးရကို ဖြုတ်ချဖို့ တိုက်ခိုက်နေတာဖြစ်ပါတယ်။
3 years Ago
Up