ကားဗုံး ပေါက်ကွဲ

A d v e r t i s e m e n t With Us

December 24, 2019

ဆီးရီးယားမြောက်ပိုင်းတွင် ကားဗုံး ပေါက်ကွဲပြီး  လူ ၆ ဦး သေဆုံး

ဆီးရီးယားနိုင်ငံမြောက်ပိုင်း၊ ဆူလာခ့်မြို့မှာ ဒီဇင်ဘာ ၂၃ ရက်က ကားဗုံး ပေါက်ကွဲမှုတခုကြောင့် လူ ၆ ယောက် သေဆုံးခဲ့ပြီး တော်တော်များများ ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသန္တရဆေးရုံ သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဆူလာခ့်မြို့ဟာ တူရကီနယ်စပ်နဲ့ ၁၀ ကီလိုမီတာ အကွာအဝေးမှာ တည်ရှိပြီး တူရကီစစ်သားတွေနဲ့ သူတို့ရဲ့ မဟာမိတ် ဆီးရီးယားသူပုန်တွေ ထိန်းချုပ်ထားတဲ့ မြို့ပါ။  ဆူလာခ့်မြို့အပါအဝင် တယ်လ်အဘီဒ်မြို့နဲ့ ရာစ်အယ်အင်မြို့တွေဟာ တူရကီ ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားသူပုန်တွေ ထိန်းချုပ်ထားတဲ့ အဓိကမြို့ သုံးမြို့ ဖြစ်ပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ စုဝေးနေကြသူတွေကို လူစုခွဲဖို့ စစ်သားတွေက လေထဲကို သေနတ်ပစ်ဖောက်ခဲ့တယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  တူရကီအစိုးရဟာ တူရကီနိုင်ငံထဲမှာ အရင်ကတည်းက လက်ခံထားရတဲ့ ဆီးရီးယား ဒုက္ခသည် ၁ သန်းကို ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ ပြန်နေရာချထားဖို့ နိုင်ငံတကာဆီက အထောက်အပံ့ရရေး ကြိုးစားနေတာပါ။ ဆီးရီးယား ပြည်တွင်းစစ်အတွင်း ရုရှားက ဆီးရီးယားသမ္မတ အာဆတ်ကို ကျောထောက်နောက်ခံပေးထားပြီး တူရကီက သူပုန်အဖွဲ့ကို ထောက်ပံ့ပေးနေတာပါ။  တူရကီဟာ အောက်တိုဘာလက ဆီးရီးယားနိုင်ငံအတွင်းက ကာဒစ်ရှ် တိုက်ခိုက်ရေးအဖွဲ့ဆီက နယ်မြေတွေကို ကျူးကျော် သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိ ဆီးရီးယားအနောက်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် သောင်းချီတဲ့ ဆီးရီးယား ဒုက္ခသည်တွေ တူရကီနိုင်ငံထဲကို ထွက်ပြေးလာနေရပြီး ဆီးရီးယားအရေး ဆွေးနွေးဖို့ ဒီဇင်ဘာ ၂၃ ရက်နေ့က ရုရှားနိုင်ငံကို တူရကီ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာခဲ့ပါတယ်။
1 year Ago
Up