ကားဗုံးဖောက်ခွဲမှု

October 28, 2020

အာဖဂန်တွင် ကားဗုံးဖောက်ခွဲမှုများကြောင့် လူ ၈ ဦး သေဆုံး၊ ၃၀ ကျော်ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ၊ ခို့စ်မြို့နဲ့ ကဘူးမြို့တွေမှာ အောက်တိုဘာ ၂၇ ရက်က ဗုံးတွေ ပေါက်ကွဲခဲ့လို့ လူ ၈ ယောက်ထက်မနည်း သေဆုံးပြီး အထူးတပ်ဖွဲ့ဝင် ၂၅ ယောက်နဲ့ အရပ်သား ၉ ယောက် ဒဏ်ရာရတယ်လို့ ခို့စ်ပြည်နယ်ရဲချုပ်က ပြောပါတယ်။  နိုင်ငံအရှေ့တောင်ပိုင်း ခို့စ်ပြည်နယ်မှာ ရဲဌာနကို ပစ်မှတ်ထားပြီး ကားဗုံးခွဲလို့ အထူးတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးပြီး ၃၄ ယောက် ဒဏ်ရာရတယ်လို့ ရဲအရာရှိ တယောက်က ပြောပါတယ်။ နိုင်ငံရဲ့မြို့တော် ကဘူးလ်က အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနနားမှာလည်း ကားဗုံး နောက်တလုံး ပေါက်ကွဲလို့ အရပ်သား ၃ ယောက်ထက်မနည်း သေဆုံပြီး ၁၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။  ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ကားကို ဖောက်ခွဲခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေကို ဘယ်သူလုပ်တယ်ဆိုတာ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဘယ်အုပ်စုကမှလည်း သူတို့ရဲ့ တိုက်ခိုက်မှုအဖြစ် မကြေညာကြသေးပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြိုးစားနေပေမယ့် တာလီဘန်သူပုန်တွေနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲ အကြီးအကျယ်ဖြစ်လို့ ဒီနှစ်ရဲ့ ပထမ ၉ လအတွင်း အာဖဂန် အရပ်သား အယောက် ၆,၀၀၀ နီးပါး သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂက အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။ ဆယ်စုနှစ်ချီ လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်ရေး ကာတာနိုင်ငံ ဒိုဟာမြို့မှာ အာဖဂန် အစိုးရ ညှိနှိုင်းသူတွေနဲ့ တာလီဘန်တို့ ဆွေးနွေးနေကြပါတယ်။ အကြမ်းဖက်မှု လျှော့ချဖို့၊ ဒါမှမဟုတ် အပစ်အခတ်ရပ်စဲဖို့ နိုင်ငံတကာ လူ့အဖွဲ့အစည်းနဲ့ အစိုးရတို့က ဆော်သြနေပေမယ့် တာလီဘန်တွေက ဆော်သြချက်ကို ပယ်ချထားပါတယ်။
1 year Ago
Up