ကားဗုံးပေါက်

January 22, 2022

ကိုလံဘီယာနိုင်ငံတွင် ကားဗုံးပေါက်ကွဲမှုကြောင့် ၁ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကိုလံဘီယာနိုင်ငံ အရှေ့ပိုင်းက တရားမဝင် လက်နက်ကိုင်အုပ်စုတွေ ပိုင်နက် ထိန်းချုပ်ရေးအတွက် ပြိုင်ဆိုင်နေတဲ့ ဆာရာဗေနာမြို့မှာ ဇန်နဝါရီ ၂၀ ရက်က ကားဗုံးတလုံး ပေါက်ကွဲတာကြောင့် ၁ ယောက် သေဆုံးပြီး  ၅ ယောက် ဒဏ်ရာရတယ်လို့ စစ်တပ်က ပြောပါတယ်။

ကိုလံဘီယာနဲ့ ဗင်နီဇွဲလားနယ်စပ်က အာရောင်ကာ ပြည်နယ်အတွင်းမှာ ကားဗုံးက ညသန်းခေါင်အချိန်လောက် ပေါက်ကွဲခဲ့တာပါ။

ဒီဒေသထဲမှာ ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်တပ်ဖြစ်တဲ့ ဖားသူပုန်တပ်ထဲက ၂၀၁၆ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပယ်ချတဲ့ ခွဲထွက်ရေးသမားတွေနဲ့ အမျိုးသား လွတ်မြောက်ရေး စစ်တပ် ELN တို့ တိုက်ပွဲ ဖြစ်နေတာပါ။

ဖားသူပုန်အဖွဲ့ရဲ့ တပ်မဟာ တဆယ်က လုပ်တာလို့ စစ်အာဏာပိုင်တွေက ယူဆထားပြီး ပေါက်ကွဲမှုကြောင့် လူ့အခွင့်အရေး အုပ်စုတစုပိုင်ဌာနချုပ် အပါအဝင် အဆောက်အဦတချို့ ပျက်စီးခဲ့ပါတယ်။

အာရောင်ကာ ပြည်နယ်အတွင်း ပဋိပက္ခတွေ ဆက်တိုက်ဖြစ်နေပြီး လူအယောက် ၃၀ လောက် သေဆုံးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှုတွေဟာ အိမ်နီးချင်း ဗင်နီဇွဲလားနိုင်ငံထဲက အာပူရေ ပြည်နယ်ဆီအထိ ပျံ့နှံလာလို့ ရာချီတဲ့လူတွေဟာ ကိုလံဘီယာနိုင်ငံ ဗီချာဒါ ပြည်နယ်ရဲ့ မြို့တော် ပွာတိုကာရေနို မြို့ဆီ ထွက်ပြေးခဲ့ရပါတယ်။

ဒီလအစောပိုင်းမှာ ကိုလံဘီယာသမ္မတ အီဗန် ဒူကေးက အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့ အာရောင်ကာ ပြည်နယ်ထဲကို တပ်မဟာ ၂ခု စေလွှတ် တပ်ချထားဖို့ အမိန့်ထုတ်ခဲ့ရပါတယ်။ 

အတိုက်အခံတွေနဲ့ ELN သူပုန်တွေကို ပံ့ပိုးနေတယ်လို့ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရိုကို ကိုလံဘီယာအစိုးရက စွပ်စွဲထားပြီး ဗင်နီဇွဲလား ခေါင်းဆောင်တွေကတော့ စွဲချက်ကို ငြင်းထားပါတယ်။ 

4 days Ago

January 13, 2022

ဆိုမာလီနိုင်ငံတွင် ကားဗုံးပေါက်ကွဲ၊ ၈ ဦးထက်မနည်းသေဆုံး

ဆိုမာလီနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးက လေဆိပ်ကို ဦးတည်တဲ့ လမ်းပေါ်မှာ ဇန်နဝါရီ ၁၂ ရက်က ကားဗုံး ပေါက်ကွဲခဲ့တာကြောင့် လူ ၈ ယောက်ထက်မနည်း သေဆုံးတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

ဒီဗုံးခွဲမှုအတွက် ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့  မသိရသေးဘဲ အရင်က ဆိုမာလီနိုင်ငံမှာ အယ်လ်ကိုင်းဒါးတွေနဲ့ ချိတ်ဆက်ထားတဲ့ အယ်လ်ရှာဘတ် သူပုန်တွေကတော့ အလားတူ တိုက်ခိုက်မှုတွေကို သူတို့လက်ချက်အဖြစ် တာဝန်ခံဖူးပါတယ်။

ဒီအုပ်စုဟာ ဗဟိုအစိုးရကို ဖြုတ်ချပြီး အစ္စလာမ္မစ် ဥပဒေရဲ့ ပိုတင်းကြပ်တဲ့ပုံစံနဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ရည်မှန်ထားပါတယ်။

လုံခြုံရေးနဲ့ အစိုးရပစ်မှတ်တွေကို သာမက အရပ်သားတွေကိုပါ သေနတ်တွေ ဗုံးတွေနဲ့ တိုက်ခိုက်တာ မကြာခဏ လုပ်လေ့ရှိပါတယ်။

အယ်လ်ရှာဘတ်အဖွဲ့ဟာ အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေး တပ်တွေကိုလည်း တိုက်ခိုက်ခဲ့ ဖူးပါတယ်။

2 weeks Ago
Up