ကားဗုံးခွဲ

May 10, 2019

အာဖဂန်မြို့တော် ကဘူးလ်တွင် ကားဗုံးခွဲ တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး တင်းကျပ်

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က ကားဗုံးခွဲ တိုက်ခိုက်ခံရတဲ့ နေရာမှာ မေ ၉ ရက်နေ့က လက်နက်ကိုင် လုံခြုံရေးအစောင့်တွေ တင်းတင်းကျပ်ကျပ် ချထားပါတယ်။ မေ ၈ ရက်က တိုက်ခိုက်မှုကြောင့် အရပ်သား လေးယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရပါတယ်။ ကဘူးလ်မြို့အခြေစိုက် အကျိုးအမြတ်မယူတဲ့ နိုင်ငံတကာအဖွဲ့အစည်း Counterpart International ကို ပစ်မှတ်ထား ဖောက်ခွဲမှုကြောင့် အဆောက်အဦတွေနဲ့ ကားတွေပါ ပျက်စီးခဲ့ပါတယ်။ တိုက်ခိုက်သူတွေကို တိုက်ထုတ်ဖို့ အထူးတပ်ဖွဲ့ဝင်တွေက လာဝိုင်းအပြီးမှာ ပေါက်ကွဲသံတွေ သေနတ်သံတွေ ဆူညံခဲ့ပါတယ်။ မွတ်စလင်တွေရဲ့ ရာမာဒန်ဥပုသ်လ စတင်အပြီး ၃ ရက်အကြာ တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ တာလီဘန် စစ်သွေးကြွတွေက ပြောပါတယ်။ ကဘူးမြို့တော်ဝန်းကျင်မှာ လုံခြုံရေး တိုးချထားပေမယ့် အာဏာပိုင်တွေဟာ တိုက်ခိုက်မှုတွေကိုတော့ တားဆီးထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။
2 years Ago

January 21, 2019

အာဖဂန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးယာဉ်တန်း တိုက်ခိုက်ခံရ၊ ၈ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းက လိုဂါပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ယာဉ်တန်းကို ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းက ကားဗုံးနဲ့ တိုက်ခိုက်ခံရလို့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးပြီး အုပ်ချုပ်ရေးမှူးကတော့ အထိအခိုက် မရှိခဲ့ဘူးလို့ ဒေသခံအရာရှိတွေက ပြောပါတယ်။ လိုဂါပြည်နယ်နဲ့ မြို့တော် ကဘူးလ်ရဲ့ကြားက အဓိက အဝေးပြေးလမ်းပေါ်မှာ အုပ်ချုပ်ရေးမှူးရဲ့ ယာဉ်တန်းနားကနေ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ကားကို ဗုံးသမားက ခွဲခဲ့တာလို့ လိုဂါပြည်နယ် ရဲတပ်ဖွဲ့ ပြောခွင့်ရ ရှားပူးဝ် အာမဒ်ဇိုင်က ပြောပါတယ်။ ယာဉ်တန်းပေါ်မှာ အာဖဂန်ထောက်လှမ်းရေးဌာနရဲ့ ပြည်နယ်ဆိုင်ရာ အကြီးအကဲလည်း ပါလာခဲ့ပြီး အထိအခိုက်မရှိဘူးလို့ သူက ဆက်ပြောပါတယ်။ ဒီဖောက်ခွဲမှုကို တာလီဘန်တွေ လုပ်ခဲ့တယ်၊ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား သေဆုံး ဒဏ်ရာရတယ်လို့ တာလီဘန် ပြောခွင့်ရက ကြေညာချက် ထုတ်ပြန်ပါတယ်။ လိုဂါပြည်နယ်ဟာ မြို့တော် ကဘူးလ်အတွက် ဗျူဟာမြောက် ဝင်ပေါက်ပြည်နယ်အဖြစ် လူသိများပါတယ်။ ပြည်နယ်ရဲ့ ဧရိယာအများစုမှာ တာလီဘန်တွေ တက်တက်ကြွကြွ လှုပ်ရှားလေ့ရှိလို့ တိုက်ခိုက်မှုတွေ ခံရလေ့ရှိပါတယ်။
2 years Ago
More News
Up