ကားနှင့်ရထားတိုက်

October 11, 2020

ထိုင်းနိုင်ငံတွင် ကားနှင့်ရထားတိုက်မိပြီး လူ ၂၀ ထက်မနည်းသေဆုံး

ထိုင်းနိုင်ငံ ချာ့ချင်းဆောင်ခရိုင်မှာ အောက်တိုဘာ ၁၁ ရက်က ဘုန်းကြီးကျောင်းဆီကို လာတဲ့ ဘတ်စ်ကားနဲ့ ရထားတစီး တိုက်မိလို့ လူ အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  ဘန်ကောက်မြို့တော် အရှေ့ဘက် မိုင်လေးဆယ်အကွာ ကလောင်ကွမ်ကလန် ဘူတာအနား ဒေသစံတော်ချိန် မနက် ၈ နာရီ ၅ မိနစ်မှာ တိုက်မိတာလို့ ချာချင်းဆောင်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။  စက်ရုံလုပ်သားအယောက် ၆၀ ကို တင်လာတဲ့ ခရီးသည်တင် ဘတ်စ်ကားဟာ ဘုန်းကြီး ကျောင်းက အခမ်းအနားတခုကို သွားရင်း ဘန်ကောက်ကနေ ထိုင်းအရှေ့ပိုင်းကို ဦးတည်လာတဲ့ ရထားနဲ့ ရထားလမ်းဆုံမှာ တိုက်မိခဲ့တာပါ။  တိုက်မိတဲ့ အရှိန်ကြောင့် ဘတ်စ်ကား ဘေးတိုက်လဲပြီး ထိပ်ပိုင်း ပွင့်ထွက်ခဲ့ပေမဲ့ ရထားကတော့ လမ်းမချော်ခဲ့ပါဘူး။  အခင်းဖြစ်ရာနေရာမှာ အပျက်အစီး သံတိုသံစတွေ ပြန့်ကျဲနေတာကို ဒေသခံ ရုပ်သံ ကွန်ရက်တွေက ပြသထားပါတယ်။  ရထားလမ်းနဲ့ ကားလမ်းဆုံရာ လမ်းဆုံမှာ သတိပေးစနစ် တပ်ထားပေမယ့် ရထားဖြတ်ချိန် ကားလမ်းကို ပိတ်ထားဖို့ အရံအတား မရှိဘူးလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။  ခုတော့ ခရိုင်အာဏာပိုင်တွေဟာ အရှိန်ထိန်း လမ်းခုံးကို တပ်ပြီး ဖြတ်လမ်းဆုံနားမှာ သစ်ပင်တွေကို ခုတ်ပြီး မြင်နိုင်စွမ်း တိုးတက်အောင် လုပ်မယ်လို့ သူက ဆက်ပြောပါတယ်။  ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ လမ်းမတော်တဆမှုအတွင်း လူသေအများဆုံး နိုင်ငံစာရင်းထဲမှာ ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။  လတ်တလော နှစ်တွေအတွင်း ဘေးကင်းရေး လှုပ်ရှားမှုတွေ လုပ်ခဲ့ပေမဲ့ တိုးတက်မှု နည်းနည်းသာ ရှိတယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။
7 months Ago

July 4, 2020

ပါကစ္စတန်တွင် ကားနှင့်ရထားတိုက်၍ ဘုရားဖူး ၁၉ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ဇူလိုင်လ ၃ ရက်က   ရထားတစ်စီးနဲ့ ခရီးသည်တင်ဗင်ကား တစ်စီးတို့ တိုက်မိပြီး ဆစ်ခ်ဘာသာဝင်ဘုရားဖူး ၁၉ ယောက်သေဆုံးခဲ့ပါတယ်။  ရဲတပ်ဖွဲ့အဆိုအရ သေဆုံးသူတွေထဲမှာ ကလေး နှစ်ဦးလည်း ပါဝင်ပြီး အားလုံးဟာ ပါကစ္စတန်အနောက်ပိုင်း ပတ်ရှ်ဝါမြို့မှာနေသူတွေလို့ ဆိုပါယ်။ အဲ့ဒီမှာ ဆစ်ခ်လူမျိုး လေးသောင်းလောက်ရှိပါတယ်။  ဖြစ်စဉ်က နိုင်ငံရဲ့အကြီးဆုံးပြည်နယ်ဖြစ်တဲ့ ပန်ဂျပ်က ရှိတ်ခ်ပူရနမြို့နားမှာ မောင်းနှင်သူ မပါတဲ့ ရထားက ခရီးသည်တွေပါတဲ့ ကားကို တိုက်မိတာလို့ ရိုက်တာသတင်းက  ရေးပါတယ်။  အတိုက်ခံရတဲ့ ကားပေါ်မှာ ခရီးသည် ၂၅ ဦးပါပြီး  အားလုံးဟာ ဆစ်ခ်ဘာသာဝင်တွေ ဖြစ်တယ်လို့  သိရပါတယ်။  ပါကစ္စတန်နိုင်ငံမှာ ဆစ်ခ်ဘာသာဝင်တွေဟာ လူနည်းစုအသိုက်အဝန်းဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ 
10 months Ago
Up