ကားနှင့်ဆိုင်ကယ်တိုက်

July 18, 2020

မင်းကင်းတွင် ကားနှင့်ဆိုင်ကယ်တိုက်၊ စိုက်ပျိုးရေးဝန်ထမ်း အမျိုးသမီး ၁ ဦးသေဆုံး 

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့အဝင် လမ်းဆုံအနီးမှာ ဇူလိုင် ၁၇ ရက်နေ့က ဖော်ကားတစ်စီးနဲ့ ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသူ စိုက်ပျိုးရေးဝန်ထမ်း အမျိုးသမီး  ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ရဲဆွေဝင်း မောင်းနှင်လာတဲ့ ဖောကားနဲ့ စိုက်ပျိုးရေးဌာနက ဒုလက်ထောက်ဦးစီးမှူး ဒေါ်ခိုင်မာဦးနဲ့ ဒေါ်နှင်းနှင်းမော်တို့ မောင်းနှင်စီးနင်းလာတဲ့ ဆိုင်ကယ်တို့ တိုက်မိခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် ဒုလက်ထောက်ဦးစီးမှူး ဒေါ်ခိုင်မာဦး (၃၃) နှစ် ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးရုံပို့ဆောင်စဉ် သေဆုံးသွားပါတယ်။ ဒေါ်နှင်းနှင်းမော်မှာလည်း တင်ပါးဆုံရိုးကျိုးသွားတဲ့အတွက် မုံရွာဆေးရုံကြီးကို ပို့ဆောင် ကုသနေရတာပါ။  ဖောကားမောင်းနှင်သူ ရဲဝင်းဆွေကို‌တော့ ယာဉ် (ပ) ၁၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇၊ ၃၀၄ (က) နဲ့ မင်းကင်းမြို့မရဲစခန်းက တရားစွဲဆိုထားပါတယ်။ အခုနှစ်အတွင်း မင်းကင်းမြို့မရဲစခန်းပိုင်အတွင်းမှာ ယာဉ်တိုက်မှုပေါင်း ၁၀ ခုအထိ ရှိနေပြီး ဖြစ်ပါတယ်။
1 year Ago

October 13, 2019

မိတ္ထီလာတွင် ကားနှင့်ဆိုင်ကယ်တိုက်၊ ရဲအရာရှိမိသားစု ၁ ဦးသေ ၂ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၄၄/၄ နှင့် ၅အကြား မိတ္ထီလာမြို့နယ် ညောင်ကန်ရွာ လမ်းခွဲအနီးမှာ အောက်တိုဘာ ၁၂ ရက်ညက ကားနဲ့ ဆိုင်ကယ်တိုက်မိလို့ ရဲအရာရှိမိသားစုမှ ဇနီးဖြစ်သူ သေဆုံးပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့ မိတ္ထီလာအမှတ်(၃)ရဲစခန်းက ပြောပါတယ်။ မိတ္ထီလာအမှတ် ၃ ရဲစခန်းဒုရဲအုပ် အောင်ညီဝင်းက “ဇီးပင်ကြီးမှာ တာဝန်ကျနေတဲ့ ရဲအရာရှိပါ။ မိဘတွေ သွားကန်တော့တာက အခုလိုဖြစ်သွားတာပါ။ ရဲအရာရှိရဲ့ ဇနီးကတော့ သေဆုံးသွားတယ်။ ရဲအရာရှိနဲ့ ၁၀ နှစ်အရွယ် ကလေးကတော့ မန္တလေးဆေးရုံ ပို့လိုက်ရတယ်၊ မစိုးရိမ်ရတော့ပါဘူး။ သက်သာပါတယ်" လို့ ပြောပါတယ်။ မိတ္ထီလာဘက်ကနေ မန္တလေးဘက်ကို ဒုရဲအုပ်ဝင်းကျော်ဖြိုး မောင်းပြီး ဇနီးဖြစ်သူ မမြကြူဌေး (၃၃-နှစ်) နဲ့ ၁၀ နှစ်အရွယ်သမီး မမြဧပရယ်ဦးတို့ လိုက်ပါလာတဲ့ ဆိုင်ကယ်နောက်ပိုင်းကို လားရာတူ သဲတောမြို့နေ ကိုသန့်ဇင် မောင်းလာတဲ့ လင်ခရူဇာအမျိုးအစား ကားက ဝင်ရောက်တိုက်မိခဲ့တာပါ။ မိတ္ထီလာအမှတ် (၃) ရဲစခန်းက ကိုသန့်ဇင်အား ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ ပြင်းထန်ဒဏ်ရာရစေမှု၊ သာမန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ တို့နဲ့ ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း
2 years Ago
Up