ကားတိုက်မိ

May 11, 2017

ဖုန်းပြောရင်း လမ်းဖြတ်ကူးသည့် အမျိုးသမီး ကားတိုက်မိပြီး ကြောက်မက်ဖွယ် လေပေါ်မြောက်တက် (ရုပ်သံ)

ထိုင်းနိုင်ငံမှာ အမျိုးသမီးတဦးဟာ ဖုန်းပြောရင်း လမ်းဖြတ်ကူးချိန် တဘက်မှ မောင်းနှင်လာတဲ့ ကားတစီးနဲ့ တိုက်မိခဲ့ပြီး လေပေါ်ကို ကြောက်မက်ဖွယ် မြောက်တက်သွားခဲ့ပြီး ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။ အသက် ၄၀ အရွယ်ရှိတဲ့ ဆူရှာဒါ ဘူရီဖီရာ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ ကျောင်းတကျောင်းမှ တံခါးစောင့်ဝန်ထမ်းတဦးဖြစ်ကာ ဖုန်းပြောရင်း လမ်းကို အမှုမဲ့ ကူးဖြတ်ချိန်မှာ ခုလိုတိုက်မိခဲ့တာလို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို နောက်က ကားတစင်းရဲ့ ဒက်ရှ်ဘုတ်ကင်မရာမှတဆင့် ရိုက်ယူထားနိုင်ခဲ့တာဖြစ်ပြီး အမျိုးသမီးဟာ ကားနဲ့တိုက်မိပြီးနောက် လေပေါ် လွင့်တက်သွားခဲ့ကာ ရှေ့ကားတစီးရဲ့ မှန်ပေါ် ပြုတ်ကျသွားခဲ့တာကို တွေ့ရပါတယ်။ သူ့ကိုတိုက်မိတဲ့ကားကို မောင်းနှင်လာသူကတော့ အငြိမ်းစား ကျောင်းဆရာတဦးဖြစ်ကာ ဘန်ဖရာဒေသက သူ့ရဲ့နေအိမ်ဆီကို ဆူခွန်ဗစ်လမ်းမအတိုင်း မောင်းနှင်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအမျိုးသမီးဟာ လမ်းဖြတ်ကူးချိန်မှာ ဖုန်းကိုသာ အာရုံစိုက်နေခဲ့တယ်လို့ သူက ပြောပါတယ်။ ကားတိုက်မိတဲ့အရှိန်ကြောင့် သူ့ရဲ့ အစာအိမ်နဲ့ ဝမ်းဗိုက်ပိုင်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားခဲ့ရတာပါ။ အဲဒီအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ ပရာဆောင် ဘူရီဖီရာကတော့ ဇနီးဖြစ်သူဟာ ဖျားနာနေတဲ့ သမီးဖြစ်သူကို ဆေးရုံပို့ခဲ့ပြီးနောက် အိမ်မှာကျန်နေခဲ့တဲ့ သားဖြစ်သူကို သူအလုပ်လုပ်ရာ ကျောင်းဆီပြန်ပို့ဖို့ အိမ်အပြန်မှာ ခုလိုဖြစ်ခဲ့တာလို့ ပြောပါတယ်။ လက်ရှိမှာတော့ သူရော သမီးဖြစ်သူပါ ဆေးရုံတရုံတည်းမှာ ဆေးကုသခံနေရပြီး ဆူရှာဒါကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
4 years Ago
Up