ကားတိုက်

January 13, 2019

ကနေဒါတွင် ခရီးသည်များ ရပ်နေသည့်နေရာကို ကားဝင်တိုက်၊ ၃ ဦးသေ ၂ဝ ကျော် ဒဏ်ရာရ

ကနေဒါနိုင်ငံရဲ့ မြို့တော် အော့တဝါက ဘတ်စ်ကားမှတ်တိုင်နား ခရီးသည်တွေ နားနေတဲ့ နေရာကို လူစည်ကားတဲ့ အချိန်အတွင်း ၂ ထပ် ဘတ်စ်ကားက ဝင်တိုက်ခဲ့လို့ လူ ၃ ဦး သေဆုံးပြီး လူ ၂ ဒါဇင်လောက် ဒဏ်ရာရတယ်လို့ မြို့ အရာရှိတွေက ပြောပါတယ်။ မြို့အနောက်စွန်းက ဘတ်စ်ကားတွေ ခရီးတထောက်နားတဲ့ ဂိတ်ရင်းမှာ ဒေသစံတော်ချိန် ညနေ ၄ နာရီ မတိုင်ခင် ခုလို တိုက်မိတာပါ။ ဒါကြောင့် ဘတ်စ်ကားရဲ့ ညာအပေါ်စွန်း  အစိတ်အပိုင်းတွေ စုတ်ပြတ်ခဲ့ပါတယ်။ ခုလို တိုက်မိမှုကြောင့် လူ ၂၃ ယောက် ဒဏ်ရာရပြီး တချို့က ဒဏ်ရာ ပြင်းထန်တယ်။ ဆေးရုံတင် ထားရတယ်လို့ အော့တဝါ မြို့တော်ဝန်က ပြောပါတယ်။ အသည်းအသန် ဒဏ်ရာရထားတဲ့ လူနာ ၉ ယောက်ကို ပြုစုကုသပေးနေတယ်လို့ အော့တဝါ ဆေးရုံက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ အတည်ပြု ပြောဆိုပါတယ်။ ကားမောင်းသူကို အခင်းဖြစ်ရာ နေရာမှာတင် ဖမ်းထားပြီး မေးမြန်းဖို့ ခေါ်ထားတယ်လို့ အော့တဝါပြည်နယ် ရဲချုပ် ချားလ်စ်ဘော်ဒေလျူးက ပြောပါတယ်။ အော့တဝါမြို့ရဲ့ ညဘက် အပူချိန်ဟာ ရေခဲမှတ်အောက် အနုတ် ၂၂ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိပေမယ့် စုံစမ်းစစ်ဆေးသူတွေဟာ အခင်းဖြစ်ရာ နေရာမှာ ညလုံးပေါက်ရှိနေဖို့ ခန့်မှန်း ထားပါတယ်။ ရာသီဥတု အခြေအနေကြောင့် တိုက်မိတာ ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
3 years Ago

October 20, 2018

ကားဖြင့် ဆိုင်ကယ် ၃ စီးအား တိုက်ခဲ့သည့် သံဃာတပါးကို အမှုဖွင့်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ အောက်တိုဘာ ၁၉ ရက်ညက ကားမောင်းပြီး ဆိုင်ကယ် ၃ စီးအား တိုက်ခဲ့တဲ့ သံဃာတပါးကို ယာဉ်တိုက်မှု၊ သာသနာညိုးနွမ်းမှုတို့နဲ့ အမှုဖွင့်ထားတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ မလှိုမြို့နယ် ခုနှစ်ချက်ရွာ ဘုန်းတော်ကြီးကျောင်းမှ ဥူးဣန္ဒာစာရ (ခ) ကိုအောင်ဆန်းဝင်း မောင်းလာတဲ့ ကရီနာကားငယ်က မိတ္ထီလာမြို့ အောင်ဇေယျာ ရပ်ကွက် သီတာအေးလမ်းမှာ ဒေါက်တာ သက်ပိုင်စိုးနဲ့ ဦးဇော်မြင့်သိန်းတို့ရဲ့ ဆိုင်ကယ် ၂ စီးကို ဆင့်ကဲတိုက်မိပြီးနောက် သာစည်-မိတ္ထီလာလမ်း မိုင်တိုင် ၁/၄ နဲ့ ၅ အကြားမှာ ကိုဉာဏ်လင်းအောင် မောင်းလာတဲ့ ၃ ဘီးဆိုင်ကယ်ကို ထပ်တိုက်ပါတယ်။ ဒီနောက် မဟာစည်ရပ်ကွက်အတွင်းက ရေမြောင်းထဲ ထိုးကျခဲ့တယ်လို့ ဆိုပါတယ်။ မိတ္ထီလာမြို့မရဲစခန်း ဒုရဲအုပ်စိုးမိုးကျော်က "ဆိုင်ကယ် ၂ စီး၊ ၃ ဘီးဆိုင်ကယ် ၁ စီးတို့ကို တိုက်မိတယ်၊ ၃ ဦး ဒဏ်ရာရသွားတယ်။ မိတ္ထီလာဆေးရုံမှာ ဆေးကုနေပါတယ်၊ မစိုးရိမ်ရပါဘူး။ ခရိုင်သာသနာရေးမှူးလည်း အခင်းဖြစ်နေရာကို လာပါတယ်" လို့ ပြောပါတယ်။ ခရိုင်သာသနာရေးမှူး ဦးကိုကိုအောင်က "ဟုတ်ပါတယ် သာသနာညှိုးနွမ်းမှုနဲ့ အမှုဖွင့်ပါတယ်။ ရဟန်းသံဃာ ဆရာတော်တွေအနေနဲ့ ကြည်ညိုဖွယ်ရာမဆောင်တဲ့ ကား ဆိုင်ကယ် မောင်းနှင်ခြင်း မပြုရပါဘူးလို့ နိုင်ငံတော်သံဃာ့နာယက ထုတ်ပြန်ထားတာရှိပါတယ်။ ကြည်ညိုဖွယ်ရာမဖြစ်တဲ့ မူးယစ်နေတဲ့ အနေအထားလည်း တွေ့ရပါတယ်။ ဆိုင်ကယ်တစီးတိုက်မိပြီး ထိတ်လန့်ပြီး ဆက်မောင်းတာက ထပ်တိုက်မိကုန်တာပါ" လို့ ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်းမှာ ဥူးဣန္ဒာစာရ (ခ) ကိုအောင်ဆန်းဝင်းအား ယာဉ်မဆင်မခြင်မောင်း၍ အသက်အန္တရာယ်ဖြစ်မှု၊ သာသနာညိုးနွမ်းစေမှု ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/ ၂၉၅(က) တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago
More News
Up