ကားတင်သွင်းသည့်

October 21, 2017

ကားတင်သွင်းသည့် မူဝါဒ အပြောင်းအလဲကြောင့် ကားဈေးတက်

ကားတင်သွင်းတဲ့ မူဝါဒ အပြောင်းအလဲကြောင့် လတ်တလောမှာ ဈေးတက်နေသလို အရောင်းအဝယ် ပိုဖြစ်နေတယ်လို့ ဝယ်ရောင်း လုပ်ကိုင်သူတွေက ပြောပါတယ်။ လာမယ့်နှစ်ကစပြီး ဘယ်မောင်းကားတွေပဲ တင်သွင်းရတော့မှာ ဖြစ်ပြီး ထုတ်လုပ်တဲ့ ခုနှစ်ကိုလည်း ပြောင်းလဲလိုက်တာပါ။ ကားဈေးတွေကတော့ အရင်ကထက် သိန်း ၂၀ ကနေ ၃၀ အထိ ပိုတက်လာတယ်လို့ ဝယ်ရောင်း လုပ်သူတွေက ပြောပါတယ်။ ကားဝယ်ရောင်းတယောက်ဖြစ်တဲ့ ကိုအေးကျော်က “ဈေးကတော့ အားလုံးတက်နေတယ်။ မနေ့ပဲ ရွှေငါး ၂၀၀၂ တစီးကို ၂၄၅ သိန်းနဲ့ ရောင်းလိုက်တယ်။ ကားကတော့ တော်တော်သန့်ပါတယ်။ ရှိုးရွမ်းမှာ ကားသစ်တစီး ဇီးရိုး ကီလို ဘယ်ကိုင်းကို သိန်း ၂၈၀ နဲ့ ဝယ်လို့ရတယ်။ ကားအားလုံး အရောင်းအဝယ်ကောင်းနေတာပါ” လို့ ပြောပါတယ်။ တကယ်လိုအပ်တဲ့သူမှ ဝယ်ကြတာလို့လည်း သူက ပြောပါတယ်။ ဝယ်ရောင်းတယောက်ဖြစ်တဲ့ ဦးသိန်းထွန်းကတော့ ဝယ်ရောင်းအချင်းချင်း အရောင်းအဝယ်ပိုဖြစ်ပြီး စီးတဲ့သူတွေက ရောင်းကြတယ်လို့ သုံးသပ်ပါတယ်။ “စီးတဲ့သူက ဈေးပိုရလို့ ရောင်းတယ်။ အရင်ကထက်စာရင် အရောင်းအဝယ် တဆလောက် ပိုလာတယ်။ စလစ်ဈေးကတော့ လွန်ခဲ့တဲ့ ၃ ပတ်လောက်က သိန်း ၁၁၀ လောက်ပဲ ရှိတယ်။ မနေ့က ၁၃၈ သိန်းနဲ့ ကျနော်ရောင်းလိုက်တယ်။ နာမည်ပေါက်ဆိုရင် ၁၄၀ လောက်ရှိတယ်” လို့ ပြောပါတယ်။ လာမယ့်နှစ်မှာ ညာမောင်းကားတွေ တင်သွင်းခွင့် မရတော့မှာမို့ ဝယ်ပြီး စုတဲ့ သူလည်း ရှိတယ်လို့ ဝယ်ရောင်းသမားတချို့က ပြောပါတယ်။ အစိုးရရဲ့ မူဝါဒ မပြောင်းဘူးဆိုရင်တော့ မကြာခင်မှာ စလစ်ဈေးတွေ ထပ်တက်ဦးမယ်လို့လည်း ဦးသိန်းထွန်းက ပြောပါတယ်။ လာမယ့်နှစ်မှာ လူစီးမော်တော်ယာဉ်တွေကို တဦးချင်းပါမစ်အနေနဲ့ ၂၀၁၆၊ ၁၇၊ ၁၈ မော်ဒယ်တွေ၊ စလစ်ကပ်ကား၊ ခရီးသည်းတင်ယာဉ်နဲ့ သာသနာရေးကားတွေကို ၂၀၁၄ မော်ဒယ်နဲ့ အထက် တင်သွင်းဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
4 years Ago

February 17, 2017

ကားတင်သွင်းသည့် မူဝါဒအသစ်ကြောင့် ကားဈေးကွက် အရောင်းအဝယ်အေးနေ

ကားတင်သွင်းတဲ့ မူဝါဒအသစ်ကြောင့် ကားဈေးကွက် အေးနေတယ်လို့ ဝယ်ရောင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။ ကားတင်သွင်းတဲ့ မူဝါဒအသစ်မှာ ဝင်ငွေခွန်အပြင် အထူးကုန်စည်ခွန်ပါ ပါလာတာကြောင့် ကားဈေးတွေ နည်းနည်းတက်နေပြီး အရောင်းအဝယ်က သိသိသာသာ အေးနေတာပါ။ “လက်ရှိ အရောင်းအဝယ်အခြေအနေက အလွန်အေးပါတယ်။ အေးရတဲ့အကြောင်းအရာက မူဝါဒတွေက မငြိမ်ဘူး။ အဓိကပြောရင်တော့ မူဝါဒမငြိမ်လို့ ဖြစ်နေတဲ့ အခြေအနေပဲ။ အရင်ကဆိုရင် ပွက်လောရိုက်နေတာ။ ဟိုနားတစု၊ ဒီနားတစု၊ ဟိုနားက ဝယ်မယ်၊ ဒီနားက ဝယ်မယ်။ အုပ်စုလိုက် အရောင်းအဝယ် စာချုပ်ချုပ်တဲ့လူနဲ့ ဝယ်တဲ့လူနဲ့ ကားကြည့်တဲ့လူနဲ့။ အခုတော့ တိတ်ဆိတ်နေတာပဲ” လို့ သိမ်ဖြူကားရောင်းဝယ်ရေးလုပ်ငန်းရှင်းများ အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းက ပြောပါတယ်။ မူဝါဒအသစ်ကို လာမယ့် ဧပြီလမှာ စတင်ကျင့်သုံးမှာဖြစ်ပြီး အဲဒီကာလ ရောက်ရင်တော့ ကားဈေးတွေ ထက်ဝက်လောက် ပိုတက်သွားနိုင်တယ်လို့ အရောင်းအဝယ်သမားတွေက ခန့်မှန်းပါတယ်။ “အခွန်ပေါ်မှာ အခွန်ဆင့်တော့ ကားဈေးတွေက မလိုအပ်ဘဲနဲ့ တက်နေတယ်။ ပြည်သူတွေက သူတို့ တကယ် ကားစီးတဲ့အချိန်မှာ အခွန်တွေက နှစ်ခွန်၊ သုံးခွန် ဖြစ်ကုန်ရော။ မလိုအပ်ဘဲနဲ့ သူတို့ ပိုက်ဆံပိုကုန်တာပေါ့။ အရင်တုန်းက ၁၀၀ အောက်မှာ ၇၀၊ ၈၀၊ ၉၀ ပေါ့နော်။ ၉၀ အောက်ကားက ဒီလိုသာ လာမယ့်ဧပြီမှာ စမယ့် စနစ်သစ်ကို သွားမယ်ဆိုရင် သိန်း ၂၀၀ ကျော်သွားမယ်။ ဒါက ကားသမားတွေ ဆွဲတင်လို့ တက်သွားတဲ့ ဈေးနှုန်းမဟုတ်ပါဘူး။ ဂျပန်ဈေးလည်း ငွေဈေးတက်တယ် ဆိုပေမယ့် သူ့အထိုက်အလျောက်နဲ့သူ တက်တယ်။ အဲလိုမှ အပိုဆောင်းထည့်လိုက်ရတာ အခွန် နှစ်ခွန် ဖြစ်သွားမယ်။ သဘောတခုက တိုက်ကြိုစလစ်ဈေးက လက်ရှိဈေးပဲ ခန့်မှန်းမယ်လေ။ ၁၀၀ ဝန်းကျင် ရှိနေတယ်။ ဒီအပေါ်မှာ အရင် ကားကို ၁၀၀ ဝန်းကျင်ပေါင်း။ ပြီးတော့ အခွန်တွေလည်း အပြောင်းအလဲ ဖြစ်သွားတော့ ကားဈေးက ၂၀၀ အပေါ်မှာ ဖြစ်သွားဖို့ ရှိပါတယ်” လို့ သိမ်ဖြူကားရောင်းဝယ်ရေးလုပ်ငန်းရှင်းများ အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းက ပြောပါတယ်။ လက်ရှိမှာတော့ ရန်ကုန်ကားဈေးကွက်မှာ ကားတင်သွင်းခွင့်ကို ပိတ်သိမ်းထားပါတယ်။ ဒါကြောင့် ကားတင်သွင်းသူတွေအနေနဲ့တော့ ဧပြီလက စလို့ ဘယ်မောင်းတွေပဲ တင်သွင်းခွင့်ရှိမှာဖြစ်ပြီး ၂၀၁၅၊ ၁၆၊ ၁၇ ခုနှစ် မော်ဒယ်တွေပဲ တင်သွင်းခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားတင်သွင်းတဲ့ မူဝါဒအသစ်မှာတော့ တဦးချင်း လွတ်လပ်စွာ တင်သွင်းခွင့် ဖရီးပါမစ် မပေးတော့ဘဲ အိုဟောင်း စလစ်ကတ်နဲ့ပဲ တင်သွင်းခွင့်ပြုတော့မှာ ဖြစ်ပါတယ်။
4 years Ago
Up