ကားခိုးထွက်ပြေး

October 16, 2017

အွန်လိုင်းတွင် ချစ်ကြိုက်ခဲ့သည့် အမျိုးသမီးနှင့် ချိန်းတွေ့ပြီး အမျိုးသားက ကားခိုးထွက်ပြေး

ထိုင်းနိုင်ငံမှ အမျိုးသမီးတဦးဟာ အွန်လိုင်းပေါ်မှတဆင့် ချစ်ကြိုက်ရင်းနှီးခဲ့တဲ့ အမျိုးသားတဦးကို အပြင်မှာ ချိန်းတွေ့စဉ် အဲဒီအမျိုးသားက သူမရဲ့ကားကို ခိုးယူထွက်ပြေးမှု ဖြစ်ခဲ့ပါတယ်။ အမည်မဖော်လိုတဲ့ အဲဒီအမျိုးသမီးဟာ ချင်းမိုင်ခရိုင်တွင်းမှ သူနာပြုအကူတဦးဖြစ်ပြီး သူဟာ အဲဒီအမျိုးသားနဲ့ ဗဒူး(Badoo) လို့အမည်ရတဲ့ အွန်လိုင်း ကြင်ယာဘက်ရှာ ဝက်ဘ်ဆိုက်မှတဆင့် ရင်းနှီးခဲ့ကြတာလို့ ဥထိုင်းခရိုင်ရဲဌာနမှ ရဲချုပ် အနူဆွန် ဝရာခမ်က ပြောပါတယ်။ လွန်ခဲ့တဲ့တပတ်ကမှ အွန်လိုင်းပေါ် ရင်းနှီးခဲ့ကြတဲ့ သူတို့ ၂ ဦးဟာ အချင်းချင်း တဆင့်ထက်တဆင့် ရင်းနှီးခဲ့ကြပြီးနောက် အမျိုးသားဖြစ်သူက အပြင်မှာ တွေ့ဆုံကာ သူ့ရဲ့မိဘတွေဆီ ခေါ်သွားဖို့ အမျိုးသမီးကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ အပြင်မှာ ချိန်းတွေ့ချိန်မှာတော့ အမျိုးသားဟာ ဘတ်စ်ကားနဲ့ အယုဒ္ဓယကနေ ချင်းမိုင်ကို လာခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် သူ့မိဘတွေဆီ ခေါ်သွားမယ်ဆိုကာ ချင်းမိုင်ကနေ အယုဒ္ဓယဆီ အမျိုးသမီးရဲ့ ပစ်ကပ်ကားကို သူက ဦးဆောင်မောင်းနှင်ပြီး ပြန်သွားခဲ့ကြတာပါ။ လမ်းတနေရာမှာတော့ အမျိုးသားက ကားကိုရပ်ခဲ့ကာ အမျိုးသမီးကို စားစရာတခုခု ဆင်းဝယ်ခိုင်းပြီး ကားကို မောင်းနှင်ထွက်ပြေးသွားခဲ့တာပါ။ အမျိုးသမီးက သူ့ကားပျောက်ဆုံးသွားကြောင်း ရဲတွေကို တိုင်တန်းခဲ့ချိန်မှာ ရဲတွေက ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြတာပါ။ အဲဒီနေ့ ညပိုင်းမှာတော့ ရဲတွေက အမျိုးသမီးရဲ့ကားကို မောင်းနှင်လာတဲ့ တခြား အမျိုးသားတဦးကို စစ်ဆေးတွေ့ရှိခဲ့ကြတာပါ။ အဲဒီအမျိုးသားကို စစ်မေးခဲ့ချိန်မှာတော့ ဒီကားကို သူက တခြားသူတဦးဆီက ပြန်ဝယ်ခဲ့တာလို့ ဆိုပါတယ်။ ရဲတွေက ကားရောင်းချခဲ့တဲ့ အမျိုးသားဆီ ဖုန်းဆက်စေပြီး ကားဆီလာခိုင်းခဲ့ပြီး နောက်မှာတော့ အသက် ၂၈ နှစ်အရွယ် တရားခံ အဖီချာ့တ် ကရူမန်နီးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
4 years Ago
Up